# စပ်မိ စပ်ရာ 2010
.
ကျွန်ုပ် နှင့် ကိုသိန်းဖေ တို့၏ ဆွေးနွေးခန်းများ ရပ်ဆိုင်း ခဲ့သည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ယခုမူ မကြာခင် ရောက်ရှိ လာတော့မည့် Happy New Year 2010 နှင့် ပတ်သက်ပြီး ကျွန်ုပ် နှင့် ကိုသိန်းဖေတို့၏ ဆွေးနွေးမှုများကို (ကိုသိန်းဖေ၏ မေတ္တာရပ်ခံချက်အရ) တင်ပေး လိုက်ပါသည်။ အမှန်အားဖြင့်မူ ကျွန်ုပ်အနေဖြင့် ကမ္ဘာ့ဟောကိန်းကဲ့သို့ ဧရာမ ဟောကိန်းကြီး များကို ပြုလုပ်ရန် ပညာမပြည့်စုံသေးဟု ယူဆသလို၊ ဟောပြော ရန်လည်း သတ္တိမရှိပါချေ။ “ထိုင်နေ အကောင်းသား၊ ထ,သွားမှ ကျိုးမှန်းသိ” ဆိုသကဲ့သို့ ငြိမ်ငြိမ် နေလျှင် အကောင်း၊ ဟိုဟော ဒီဟော ထ,ဟောကာမှ သောက်ရှက် ကွဲစရာ ဖြစ်သွား နိုင်သည်ကို ကောင်းကောင်း သိနားလည်ထားသူ ဖြစ်ပါသည်။ ယခုတင်ပြမည့် ဆောင်းပါးမှာ လည်း လာမည့် 2010 နှင့် ပတ်သက်ပြီး ဗေဒမိတ်ဆွေ အခြင်းခြင်း အလာပ သလာပ ပြောကြားချက်များသာလျှင် ဖြစ်ပြီး မည်သည့် “ဟောကိန်း” မှ မဟုတ်ပါချေ။ ရောက်တတ်ရာရာ ထင်ရာမြင်ရာပေါ့ဗျာ။
.
ကိုသိန်းဖေ။ ။ ဆရာရေ၊ လုပ်ပါဦးဗျာ – ကျွန်တော့်အဖြစ်က “မင်းသားဖြစ်ကာစ၊ က,ကောင်းတုန်း ဇာတ်ခေါင်းကွဲ သွားတဲ့ မင်းသားလို” ဖြစ်နေပြီဗျ။ ကျွန်တော်တို့ ဆွေးနွေးခန်းလေး ဆက်လုပ်စမ်းပါဦးဗျာ။
ကျွန်ုပ်။ ။ အိုင်ဆေး ကိုသိန်းဖေ။ ဆောတီးဘဲဗျာ။ ကျွန်တော်လည်း ခင်ဗျားနဲ့ သိပ်မထူးပါဘူး။ “ယနေ့ညအဖို့ စိတ်ရှိလက်ရှိ က,ပြချင်ပါသော်လည်း ကျန်းမာရေးက မကောင်း . . . . ” ဆိုတဲ့ ဇာတ်မင်းသားလေး ပြောသလိုသာ ပြောလိုက်ချင်တော့တာဘဲဗျာ။ ခင်ဗျားလည်း မြင်တဲ့ အတိုင်းဘဲလေ။ ကျန်းမာရေးက ဒီနှစ်ထဲ သိပ်မကောင်းဘူးဗျ။ အလုပ်ကို စိတ်ရှိသလောက် လုပ်လို့မရဘူး ဖြစ်နေတယ်ဗျာ။
.
ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ ဒါထက် ဆရာကျန်းမာရေး ပြန်ကောင်းနေတာ (၃)(၄)နှစ်လောက် ရှိသွားပြီ မဟုတ်လား။ အရင် ဘာမှ ဖြစ်သံမကြားပါဘူး။
ကျွန်ုပ်။ ။ ခင်ဗျားကလည်း ကျွန်တော့်အခု အသက်က (48)လေဗျာ။ သက္ခတ်က မရဏအင်္ဂါ (9)ရဲ့ သက္ခတ်လေဗျာ။ (4) ဂဏန်းရယ်၊ (8)ဂဏန်းရယ် ၊ အင်္ဂါဂြိုဟ် (9)ဂဏန်းရယ် (၃)လုံး ဆုံတဲ့နှစ်ဘဲ။ ဒီလောက်တော့ ရှိမှာပေါ့ ဗျာ။ ဒါကိုသိလို့ ဒီနှစ်ထဲ ၀င်ကတည်းက ဘာသာတရားကို “ဖိ”လုပ်နေရတာ။ မတော် ဗြုန်းကနဲ “ရှော” သွားရင် ကိုယ့်အတွက် အားကိုးရာလေး ရှိအောင် လို့ဗျ။
ကိုသိန်းဖေ။ ။ အောင်မလေးဗျာ။ ဖွဟဲ့ လွဲပါစေ။ နိမိတ်မရှိ နမာမရှိဗျာ။ သေစကားများ မပြောစမ်းပါနဲ့။ ကျွန်တော်တော့ ကြောက်တယ်ဗျ . . ဟဲဟဲ။
ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ ကျွန်တော်တော့ “၀ိပဿနာ” ရဲ့ တန်ခိုးကြောင့် သေရမှာကို လုံးဝကို မကြောက်တော့ ဘူးဗျ။ တကယ်တော့ လူအားလုံးဟာ “အရင်သွားနှင့်တဲ့လူရယ်၊ နောက်က လိုက်ရမယ့် လူရယ်” သာ ကွာခြားကြတာပါ။ အားလုံး ကတော့ ဒီလမ်းက ပြေးမလွတ်ပါဘူးဗျာ။ ကြောက်လည်း သေမှာဘဲ။ မကြောက်လည်း သေမှာဘဲ။
ကိုသိန်းဖေ။ ။ တော်စမ်းပါဗျာ။ ကျွန်တော်တော့ ဒီကိစ္စကို မဆွေးနွေးချင်ပါဘူး။ ကိုင်း လုပ်စမ်းပါဦး။ လာတော့မယ့် Happy New Year လေးကို ဆွေးနွေးကြရအောင်။ ဘယ်လိုလည်းဗျ။ 2010 နှစ်က “ဟန်”ပါ့မလား။ (31)ရက်နေ့ည (၁၂)နာရီ ထိုးတာနဲ့ Happy New Year ! ကွ ဆိုပြီး ကုန်းအော်ချင်လို့။
ကျွန်ုပ်။ ။ မပြောတတ်ဘူးဗျ။ ဒီလို ကမ္ဘာ့ဟောကိန်းတွေ ကျွန်တော် မတွက်တတ်ပါဘူးဗျာ။ ဂျာနယ်တွေ လိုက်ဖတ် ပေါ့ဗျ။ အဲဒီမှာ ရေးထားကြတာ “ပွ” လို့။
ကိုသိန်းဖေ။ ။ “ဒိုင်မရှို စမ်းပါနဲ့” ဆရာရယ်၊ ကျွန်တော်နဲ့ ဆရာ ပေါင်းလာတာ အနှစ် (၂၀)နီးပါးလောက် ရှိလာပြီဘဲ။ လုပ်စမ်းပါဗျာ။ ဟောကိန်းမဟုတ်လည်း ထင်မြင်ချက်ကလေးပေါ့။ အရေးကြီးတယ် ဆရာရဲ့။ စီးပွားရေးလည်း မကောင်းတာ ကြာပြီ။ ပေါင်ထားတဲ့ အတွင်းပစ္စည်းလေးတွေလည်း အပေါင်ဆုံးတော့မယ်။ နှစ်သစ် တစ်နှစ် ကူး, ကူးလာတိုင်း Happy New Year ! ကွ ဆိုပြီး နင်းကန် ကျုံးအော်ရတာသာ အဖတ်တင်တယ်။ အခြေအနေကတော့ “ထူးမခြားနားဘဲ” ဆရာရေ။ ဒီနှစ်တော့ မျှော်လင့်ချက်ကလေးများ ရှိမလားလို့။
ကျွန်ုပ်။ ။ ဟုတ်ပါပြီဗျာ- ထင်မြင်ချက် ဆိုရင်တော့ ပြောရဦးမှာပေါ့။ ပထမဆုံး လွယ်ကူတဲ့ ဂဏန်းဗေဒင် ရှုထောင့် ကနေပြီး သုံးသပ်ကြည့်ရင် 2010 ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တဲ့ နှစ်ဘဲဗျ။ ဆယ်စုနှစ်ဂဏန်းဖြစ်တဲ့ (10)ဟာ တားရော့ ပညာအရ Wheel of Fortune ဆိုတဲ့ ဂဏန်းမဟုတ်လား။ ဒီတော့ ကံကြမ္မာရဟတ်ဘီးကြီး တစ်ပတ် ပြန်လည်နိုင်တဲ့ သဘောလို့ ယူဆလို့ရတာပေါ့ဗျာ။ မနှစ်ကတော့ ဆယ်စုဂဏန်း (09)က တားရော့ နံပါတ်(9)ကို ကိုယ်စားပြုလို့“မီးအိမ်ရှင်” ဆိုတဲ့အတိုင်း ကမ္ဘာ့လူသားတွေ အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ လမ်းပျောက်ရှာခဲ့ရတယ် မဟုတ်လား။
ကိုသိန်းဖေ။ ။ အင်း – ဟုတ်တော့ ဟုတ်ပေသားဘဲဗျ။
ကျွန်ုပ်။ ။ ရှေ့ရာစု ဂဏန်း (20)က “ရှင်သန်ထ,မြောက်ခြင်း” ကဒ်ဖြစ်ပြန်တော့ ဒီနှစ်ခုပေါင်းစပ်မှုဟာ ကပြောင်းကပြန် ဖြစ်နေတဲ့ စီးပွားရေးတွေ ပြန်ကောင်းလာနိုင်တယ်လို့တော့ ယူဆမိတယ်ဗျ။ ဒီလိုဆိုရင် အရင်ရှေ့ နှစ်တွေတုန်းကလည်း (20)ဂဏန်း ပါခဲ့တာ ဘာလို့ ရှင်သန်ထမြောက်မှုတွေ မရှိသလဲဆိုတော့ (20)ကဒ်ရဲ့ စွမ်းအင်ကို လှုပ်နှိုးနိုင်တဲ့ ကဒ်တွေထဲမှာ (10)ကဒ်က နံပါတ်(၁) အားအကောင်းဆုံးဗျ။ ဒါ သင်္ချာဗေဒရဲ့ လျှို့ဝှက်ချက် တစ်ခုပေါ့ဗျာ။
ဒါကြောင့် “သင်္ချာဗေဒ” ပညာအရ အခုလာမယ့် 2010 ခုနှစ်ဟာ ထူးခြားတဲ့ နှစ်တစ်နှစ် အမှန်ကို ဖြစ်နိုင်ပါတယ်။ အဟောင်း တွေ အသစ်ပြန်ဖြစ်မယ်။ လူသေတွေ ပြန်ရှင်လာသလို မြုတ်နှံခံထားရတဲ့ အရာတွေ ပြန်လည်နိုးထလာမယ်။ Wheel of Fortune ဆိုတဲ့အတိုင်း ကံကြမ္မာ တစ်ပတ်လည်မယ်။ “ဗုံလုံတစ်လှည့် ငါးပြန်တစ်လှည့်” ဆိုတာမျိုးပြန်ဖြစ်မယ် လို့ မှန်းဆ ကြည့်ချင်ပါတယ်ဗျာ။ ဒါက ယူဆချက်ပါ။
ကိုသိန်းဖေ။ ။ ဒါဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်မှာလား။ နိုင်ငံတစ်ချို့မှာဘဲ ဖြစ်မလား။
ကျွန်ုပ်။ ။ နိုင်ငံ အတော်များများနဲ့ကို သက်ဆိုင်နိုင်မယ်ဗျ။ ကျွန်တော်ကတော့ စီးပွားရေး ပြန်လည်ကောင်းမွန်လာ ဖို့ဘဲ ဆန္ဒပြုမိပါတယ်။ ဒါမှ ကမ္ဘာသူ ကမ္ဘာသားတွေ ၀မ်းမြောက်ရမှာ မဟုတ်လား။
ကိုသိန်းဖေ။ ။ ကဲ သင်္ချာဗေဒပြီးရင် ဟိုဒင်း နက္ခတ်ရှုထောင့်လေး လုပ်စမ်းပါဦးဗျာ။ ဂြိုဟ်မြင် ဂြိုဟ်ယှဉ်လေးပေါ့ဗျာ။
ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ ဒီနေရာမှာ စကားစပ်မိလို့ Happy New Year ဆိုပြီး ထ, အော်ကြတဲ့အချိန်ဟာ ကမ္ဘာ တစ်ခုလုံး တစ်ချိန်တည်း ထ,အော်ကြတာမဟုတ်ဘဲ တစ်နိုင်ငံပြီး တစ်နိုင်ငံ ထ, ထ အော်နေကြတာဆိုတာကိုတော့ သတိထား မိမယ်ထင်တယ်။ ဒီလိုလေ ပထမဆုံး ကျွန်တော်တို့ အာရှတိုက်ကိုဘဲ ကြည့်ရအောင်။ ကိုရီးယား နဲ့ ဂျပန်နိုင်ငံမှာ Happy New Year ဆိုပြီး ထ, အော်ကြတဲ့အချိန်မှာ စင်္ကာပူမှာ ည (၁၁)နာရီဘဲရှိသေးတယ်ဗျ။ နောက်တစ်နာရီကြာမှ စင်္ကာပူက ထ,အော်။ အဲ နောက်တစ်နာရီကြတော့ နောက်တစ်နာရီကြာတော့ ယိုးဒယားက ထ,အော်။ နောက်နာရီဝက် ကြာတော့ မြန်မာနိုင်ငံက ထ, အော်။ နောက်တစ်နာရီကြာတော့ အိန္ဒိယက ထ, အော် . . . . . ဒီလို ဆင့်ကဲဆင့်ကဲ တစ်နိုင်ငံပြီး တစ်နိုင်ငံ အော်လာကြတာ နော်။ ဒါကို သတိထားမိလား။
ကိုသိန်းဖေ။ ။ အေးဗျ။ အမှုမဲ့ အမှတ်မဲ့ဘဲ။ သေသေချာချာ မစဉ်းစားမိဘူး။ ဟုတ်တာပေါ့။ ကမ္ဘာကြီးက လုံးနေတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စံတော်ချိန်ခြင်းမှ မတူကြဘဲ။ ဒါထက် ဆရာက ဘာကို ပြောချင်လို့ ဒါကို အရင်ပြောနေတာလဲ။ လင်းစမ်း ပါဦးဗျာ။
ကျွန်ုပ်။ ။ ဂြိုဟ်တွေရဲ့ ဒီဂရီ (အံသာ) ကို ပြောချင်တာဗျ ။ နိုင်ငံတစ်ခုစီက နှစ်သစ်ကူးလို့ သတ်မှတ်လိုက်ကြ တဲ့ သန်းခေါင်ယံ (၁၂)နာရီတိတိဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အသွားနှေးတဲ့ဂြိုဟ်တွေမှာ မသိသာပေမယ့် အသွားမြန်တဲ့ တနင်္လာဂြိုဟ်(လ) ရဲ့ ဒီဂရီဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူနိုင်ကြတော့ဘူးဗျ။ ဂျပန်, ကိုရီးယားနိုင်ငံတွေ Happy New Year ထ,အော်ချိန်မှာ တနင်္လာဂြိုဟ်ရဲ့ ဒီဂရီက (13) ဒီဂရီ၊ တရုပ်၊ ဟောင်ကောင်၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေက ထ,အော်တော့ တနင်္လာ (14)ဒီဂရီ ၊ မြန်မာနိုင်ငံက ထ,အော်တော့ (15)ဒီဂရီ၊ အိန္ဒိယနိုင်ငံက ထ,အော်တော့ (16)ဒီဂရီ တွေဖြစ်နေတာကို သတိထားမိတယ်ဗျ။
ကိုသိန်းဖေ။ ။ ဆရာက တနင်္လာဂြိုဟ်ရဲ့ ဒီဂရီကို ဒီလောက်ပြောနေတော့ သာယနစနစ်က (Transit) ကို ပြောချင်တာ နဲ့ တူတယ်။ စိတ်ဝင်စားဖို့ ကောင်းလာပြီဗျို့။ ဆက်ပြောပါဦး ဆရာ။
ကျွန်ုပ်။ ။ ကျွန်တော် နှစ်သစ် ကူးတိုင်း,ကူးတိုင်း ည(၁၂)နာရီမှာ ရှိတဲ့ ကောင်းကင်ဂြိုဟ်မြင်တွေကို သတိထား လေ့လာကြည့်မိတာ (၁၀)နှစ်လောက် ရှိသွားပြီ။ ဒီနေရာမှာ အနောက်တိုင်း ဂြိုဟ်မြင် (Transit) ဟာ တော်တော် အရေးပါ နေတာကို သတိထားမိတယ်ဗျ။ နှစ်တစ်နှစ်မှာ တစ်ခုနဲ့တစ်ခု ရန်ဘက်ကျနေတဲ့ ဂြိုဟ်တွေဟာ အမြင်ကောင်းလို့ဆိုတဲ့ (120) ဒီဂရီ အမြင်(Trine)၊ (60)ဒီဂရီ အမြင်တွေ ဖြစ်နေရင်ကောင်းတယ်ဗျ။ ဒီလိုမဟုတ်ဘဲ (90)ဒီဂရီ (Square) အမြင် နဲ့ (180)ဒီဂရီ (Opposition) အမြင်တွေဖြစ်နေရင် ဒီနှစ်မှာ ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက် တတ်တာကို သတိပြုမိတယ်။
အနီးဆုံး ပြောရရင် 2008 ခုနှစ် Happy New Year တုန်းက သာယနစနစ်နဲ့ကြည့်ရင် ကန်ရာသီမှာ စနေဂြိုဟ်ဟာ (8)ဒီဂရီ နဲ့ ရပ်တည်နေချိန်မှာ သမသတ်ရာသီဖြစ်တဲ့ မိန်ရာသီမှာ ယူရေးနပ်စ်ဂြိုဟ်က (15)ဒီဂရီ ရှိနေတော့ စနေဂြိုဟ်ဟာ ယူရေးနပ်စ် ဂြိုဟ်ကို သမသတ်အမြင်နဲ့ မြင်နေတယ်။ အံသာကွာခြားချက်က (7)ဒီဂရီအတွင်းဆိုတော့အကျိုးသက်ရောက်မှု ရှိတယ်။
ဒါပေမယ့် စနေဂြိုဟ်ဟာ နောက်ပြန်သွားနေတော့ “ခွဲခွာအမြင်” ဖြစ်နေလို့ သိပ်အဆိုးကြီး မဆိုနိုင်ဘူး။ သူ့ထက်ဆိုးတာက မေထုန်ရာသီမှာ နောက်ပြန်သွားနေတဲ့ အင်္ဂါဂြိုဟ် နဲ့ ဓနုရာသီမှာ ရှိတဲ့ “ပလူတို” ဂြိုဟ်တို့ရဲ့ အမြင် ။ ဒီမှာ ဘာထူးခြားလဲ ဆိုတော့ အင်္ဂါဂြိုဟ်က နောက်ပြန် (Retrograde) သွားနေတယ်။ ဒါကြောင့် အင်္ဂါဂြိုဟ်ရဲ့ အံသာဟာ ပလူတိုထက် များပေမယ့် အင်္ဂါဂြိုဟ်ဟာ ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်ပြီး နောက်ပြန်သွားလို့ ချည်းကပ်အမြင် ပြန်ဖြစ်သွားတာဖြစ်တယ်။ ဒီလို ဂြိုဟ်ဆိုးကြီးတွေရဲ့ “အဆိုးမြင်” နဲ့ အစပြုခဲ့တဲ့ 2008 ခုနှစ်မှာ အင်မတန် ကြေကွဲဖွယ်ရာကောင်းတဲ့ နာဂစ်မုန်တိုင်း အန္တရာယ်တွေ၊ တရုတ် ငလျှင်ကြီးတွေ ဖြစ်ပေါ်လာရတာဟာ တိုက်ဆိုင်မှုဘဲပြောပြော အင်မတန်တော့ ထူးခြားတယ် ဆိုရမယ်ဗျ။
2009 ခုနှစ် Happy New Year ရောက်ပြန်တော့ စနေဂြိုဟ်ဟာ သာယနစနစ်အရ ကန်ရာသီမှာ (21) ဒီဂရီ နဲ့ နောက်ပြန်သွား နေပြီး ယူရေးနပ်စ်ဂြီုဟ်က သမသတ်ရာသီဖြစ်တဲ့ မိန်ရာသီမှာ (19)ဒီဂရီနဲ့ ရှိနေတယ်။ တကယ်လို့ အဲဒီအချိန်မှာ စနေဟာ အတည့်သွားနေရင် သူက ယူရေးနပ်စ်ထက် အသွား မြန်တဲ့ဂြိုဟ်ဖြစ်ပြီး အံသာများနေလို့ အပြစ် သိပ်မကြီးနိုင်ဘူး။ ဒါပေမယ့် စနေဟာ နောက်ပြန် သွားလိုက်တော့ ယူရေးနပ်စ်ရဲ့ (19)ဒီဂရီကို (2)ဒီဂရီ ကွာခြားချက်နဲ့ အလွန်နီးကပ်စွာ “ချည်းကပ်အမြင်” ဖြစ်သွားလို့ ဆိုးအားအင်မတန် ကြီးမားသွားပါတယ်။ ဒါကြောင့် 2009 မှာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး၊ မုန်တိုင်းဘေး၊ ရေဘေးများ ဆိုးရွားစွာ ဖြစ်ခဲ့တာလို့ ဆိုနိုင်တယ်။
ကိုသိန်းဖေ။ ။ ဒီနှစ် 2010 မှာရော ဒီလို ထူးခြားတဲ့ အမြင်တွေ ရှိနေလား ဆရာ။
ကျွန်ုပ်။ ။ ရှိတယ်ဗျ။ ဒါပေမယ့် ရှိတယ်လို့ ပြောတာဟာ တစ်ခုခု ဖြစ်မယ်လို့ ပြောတာမဟုတ်ဘူး။ ကြိုတင် ဟောကိန်း ထုတ်တာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံက နုနယ်ပါသေးတယ်။ စောင့်ကြည့်ရပါဦးမယ်။ သတိနဲ့ပေါ့ဗျာ။
ပထမဆုံး မကြိုက်တာက တနင်္ဂနွေ နဲ့ တနင်္လာရဲ့ သမသတ်(180)ဒီဂရီ ဂြိုဟ်မြင်ဘဲ။ နှစ်သစ်ကူးတဲ့နေ့မှာ နိယာယန စနစ်အရ တနင်္ဂနွေဂြိုဟ်ဟာ “ဓနုရာသီ” (16)ဒီဂရီမှာ မှာ ရှိနေတယ်။ တနင်္လာဂြိုဟ်က “မေထုန်ရာသီ” မှာ ရှိတယ်။
စောစောက ပြောခဲ့သလိုဘဲ တနင်္လာဂြိုဟ် ဟာ အာရှနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုပ်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ မြန်မာ ကနေ အိန္ဒိယ နိုင်ငံအထိ (3)ဒီဂရီအတွင်းမှာ တနင်္ဂနွေဂြိုဟ်ကို ချည်းကပ်အမြင်နဲ့ မြင်နေတယ်။ အိန္ဒိယ နိုင်ငံမှာ တနင်္လာ နဲ့ တနင်္ဂနွေဟာ (16)ဒီဂရီမှာ ထပ်တူကျမယ်။ အိန္ဒိယ နိုင်ငံကျော်သွားရင်တော့ “ခွဲခွာအမြင်” ဖြစ်လို့ အားပျော့ သွားမယ်။ ဒါကြောင့် ဒီ တနင်္ဂနွေ တနင်္လာ တို့ရဲ့ အဆိုးမြင်ဟာ ကမ္ဘာ့အနောက်ဖက်ခြမ်း နိုင်ငံတွေထက် ကမ္ဘာ့ အရှေ့ဖက်ခြမ်း အာရှ နိုင်ငံတွေမှာ ပိုပြီး အားပြင်းလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။
ကိုသိန်းဖေ။ ။ ဒီလို တနင်္ဂနွေ တနင်္လာတို့ရဲ့ အဆိုးမြင်မှုဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ ဆရာ။
ကျွန်ုပ်။ ။ အနောက်တိုင်း သာယနစနစ်မှာ တနင်္ဂနွေ နဲ့ တနင်္လာ အမြင်ဟာ အလွန်အရေးကြီးပါတယ်။ တနင်္ဂနွေက နေ၊ တနင်္လာက လ တို့ဟာ ကမ္ဘာပေါ်က မြင်ရတဲ့ အမြင်မှာ အကြီးဆုံး ဂြိုဟ်ကြီး (၂)လုံးလည်း ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဇာတာကို ကြည့်ရင် အနောက်တိုင်း နက္ခတ်ဆရာတွေကတော့ ဒါကို အဓိကထားပြီး ကြည့်ကြတာဘဲ။ လူတစ်ယောက် ဇာတာမှာ တနင်္ဂနွေ နဲ့ တနင်္လာ အမြင်ဟာ Square နဲ့ Opposition အမြင်တွေ ဖြစ်နေရင် ဒီလူရဲ့ ဘ၀တစ်လျှောက်လုံးဟာ သာယာ ချောမွေ့မှုမရှိဘဲ အပြောင်းအလဲများမယ်။ တည်ငြိမ်အေးချမ်းမှု မရှိတတ်ဘူး။ ပြဿနာ များမယ်။ ပြဿနာကြီးတွေ မကြာခဏ ရင်ဆိုင်ရမယ်။ အထူးသဖြင့် ဒီဇာတာရှင်တွေဟာ ကိုယ့် အထက်လူကြီး၊ အလုပ်ရှင်တွေ နဲ့ လုံးဝအဆင်မပြေ ကြတာများတယ်။
.
ဒီတော့ နှစ်သစ်တစ်နှစ်ရဲ့ အစမှာ ဒီလို တနင်္ဂနွေ နဲ့ တနင်္လာဂြိုဟ်တို့ရဲ့ “အမြင်ဆိုး” ဟာ ဒီနှစ်အတွက် အဲဒီ နိုင်ငံ တွေမှာ အလုပ်ရှင် နဲ့ အလုပ်သမားအကြား၊ အကြီးအကဲ နဲ့ လက်အောက်လူ အကြား၊ အုပ်ချုပ်သူ အစိုးရ နဲ့ တိုင်းသူပြည်သားတွေ အကြားမှာ ပဋိပက္ခမှုတွေ ပေါ်နိုင်တယ်။ အချင်းပွားစရာတွေ ဖြစ်နိုင်တယ်လို့ ယူဆမိတယ် ။ ဒီလို မုချဖြစ်ရမယ်လို့ ကျွန်တော် ပြောတာ မဟုတ်ဘူးနော်။ ပြီးခဲ့တဲ့ အတိတ်နှစ်တွေ အရ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောတာ။ နောက်ပြီး ဘယ်နိုင်ငံတွေမှာ ဖြစ်မယ် ဆိုတာလည်း ပြောဖို့ မလွယ်လှပါဘူး။ အာရှတိုက်က အကျယ်ကြီးဘဲလေ။
ကိုသိန်းဖေ။ ။ နောက်ထပ် ဂြိုဟ်မြင်တွေကော ရှိသေးလား ဆရာ။
ကျွန်ုပ်။ ။ ရှိသေးတယ်ဗျ။ အင်္ဂါဂြိုဟ်ဟာ သာယန (18)ဒီဂရီ နဲ့ သိဟ်ရာသီကနေ ကုံရာသီမှာ ရှိတဲ့ နက်ပကျွန်း ဂြိုဟ် (24) ဒီဂရီကို သမသတ်(အဆိုးမြင်)နဲ့ လှမ်းမြင်နေတယ် ။ ဒါပေမယ့် အင်္ဂါဂြိုဟ်က နောက်ပြန်သွားနေတာ ကံကောင်း သွားတယ်လို့ ယူဆရမယ်။ နောက်ပြန်သွားလိုက်တဲ့အတွက် “ချည်းကပ်အမြင်” ကနေ “ခွဲခွာအမြင်” ကို ပြောင်းသွားလို့ အားပျော့ သွားမယ်လို့ ယူဆပါတယ်။
ကိုသိန်းဖေ ။ ။ အင်္ဂါ နဲ့ နက်ပကျွန်း ဂြိုဟ်ရဲ့ မကောင်းမြင်က ဘာတွေ ယူဆနိုင်မလဲ ဆရာ။
ကျွန်ုပ်။ ။ အင်္ဂါ နက်ပကျွန်း မကောင်းမြင်ကတော့ ကျွန်တော့ယူဆချက်အရ “သဘာဝ ဘေးအန္တရာယ်” ဘဲဗျ။ ဒါကတော့ ပြီးခဲ့တဲ့နှစ်တွေက အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြီး ယူဆတဲ့ ကျွန်တော့်ရဲ့ ယူဆချက် သက်သက်ပါ။ ဒါပေမယ့် “ခွဲခွာအမြင်” ဖြစ်နေလို့ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ရင်လည်း “ခွဲခွာအမြင်” ဖြစ်နေလို့ သိပ်အားမပြင်းထန် လောက်ဘူးလို့တော့ ယူဆမိတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်တွေထဲမှာ နံပါတ်(၁) ငလျှင် ၊ နံပါတ် (၂) မီးလောင်ခြင်း ၊ နံပါတ် (၃) လေမုန်တိုင်း တွေ ဖြစ်နိုင်တယ်။ ငလျှင်ကကတော့ 2010 မှာ အဖြစ်နိုင်ဆုံးဖြစ်ပြီး၊ မီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ (မြို့ကြီးပြကြီး တွေမှာ) ဖြစ်နိုင်တယ်။ လေမုန်တိုင်းကတော့ တတိယနေရာ လောက်မှာဘဲ ရှိနိုင်တယ်လို့ ယူဆပါတယ်။ ဟောကိန်း ထုတ်တာ မဟုတ်ဘူးနော်။ ယူဆချက် သက်သက်ပါ။
ကိုသိန်းဖေ။ ။ ကျေးဇူးပါဘဲဆရာ။ ဒါဆိုရင် အရေးကြီးတဲ့ ကမ္ဘာ့စီးပွားရေးလေးလည်း လုပ်ပါဦး ဆရာ။
ကျွန်ုပ်။ ။ ကမ္ဘာ့စီးပွားရေးကတော့ နိုင်ငံတစ်နိုင်ငံခြင်းရဲ့ ဇာတာအပေါ်မှာလည်း တည်သေးတယ်ဗျ။ ဒါပေမယ့် သင်္ချာဗေဒအရ ပြောရရင် ဆယ်စုနှစ်ဂဏန်း (10)ဟာ Wheel of Fortune ဆိုတဲ့အတိုင်း ကံကြမ္မာ တစ်ပတ်လည် မယ်ဗျာ။ ဆိုးနေတာတွေရှိရင် ကောင်းလာမယ်။ ကောင်းနေတာတွေရှိရင် ဆိုးလာမယ်။ ဒါကြောင့် ဆိုးဝါးနေတဲ့ ကမ္ဘာ့စီးပွားရေးဟာ ပြန်ကောင်း လာနိုင်ပါတယ်။ နောက်ပြီး စောစောက ပြောခဲ့တဲ့ ကောင်းကင်ဂြိုဟ်မြင်တွေအရ ဒီနှစ်အဖို့ လူထုအုံကြွမှု နဲ့ သဘာဝ ဘေးဥပဒ်များသာ ဖြစ်နိုင်ချေ ရှိပြီး စီးပွားရေးကို ထိခိုက်မယ့် ဂြိုဟ်မြင် မျိုးတော့ မတွေ့ရပါဘူး။
ဒီတော့ ကျွန်တော်တို့ အနေနဲ့ နှစ်သစ်မှာ မကောင်းတာတွေကို အာရုံမပြုဘဲ အကောင်းဆုံးတွေ ဖြစ်လာဖို့ဘဲ မျှော်လင့်ကြ ရအောင်လားဗျာ။ ဘ၀ဆိုတာ မျှော်လင့်ချက်နဲ့ဘဲ အသက်ရှင်နေကြရတာ မဟုတ်လား။
ကဲ- အိုင်ဆေး – ကိုသိန်းဖေ ရေ။ ကျွန်တော်တို့ရဲ့ “ရောက်တတ်ရာရာ စကားဝိုင်းလေး” ကို ဒီနေ့အဖို့ တော်ကြရ အောင်လားဗျာ။ နောက်မှ ဆက်ကြသေးတာပေါ့ဗျာ။
ကိုသိန်းဖေ။ ။ ကောင်းပါပြီ ဆရာ။ ကျေးဇူးပါဘဲဗျာ။
.
ကမ္ဘာသူ ကမ္ဘာသားအပေါင်း ပျော်ရွှင်ချမ်းမြေ့ဘွယ်ကောင်းသော နှစ်သစ်တစ်နှစ် ဖြစ်ပါစေဟု ဆုမွန်များစွာဖြင့် -
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဝင်ရောက်ဖတ်ရှုသူပေါင်း=232
Date: December 28, 2009
