Wednesday, 8 of September of 2010

# ဖေဖေါ်ဝါရီလအတွက် (၇)နေ့ ဗေဒင်

ယခုဟောစာတမ်းများဟာ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ အတွက် ဖြစ်ပါတယ်။ ဒီလထဲမှာ ထူးခြားတာက  ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက အညံ့ဆုံး ပြခဲ့တဲ့  “ကြာသပတေးသားသမီး” များဟာ ယခုလမှာ “အကောင်းဆုံး” နံပါတ်တစ် မှာ ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လ, မှာလည်း “သက္ခတ်” ကောင်းများမှာ ရောက်နေတဲ့ ကြာသပတေး သားသမီးများ ကတော့ ဆိုးအား သိပ်မရှိလှပါဘူး။ သက္ခတ် ညံ့ထဲရောက်နေသူ (အချို့) တော့ ၀မ်းနည်း ကြေကွဲ ဘွယ်ရာ တွေ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

နောက်ဆုံးတော့ အရေးကြီးဆုံးက ကိုယ်လက်ရှိရောက်နေတဲ့ “သက္ခတ်” ဘဲဖြစ်ပါတယ်။ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များထဲ ရောက်နေသူများ လစဉ် ဟောကိန်းတွေမှာ အညံ့ပြရင် ဂရုပြုပါ။ ဒီ သက္ခတ်များအတွင်း မရှိရင်တော့ အညံ့ပြပေမယ့် သိပ်စိုးရိမ်စရာ မရှိပါ။

.

နောက်တစ်ခု မှားယွင်းတာကတော့ ဇန်န၀ါရီလမှာ (၇)ရက် သားသမီးများ ကောင်းအား/ဆိုးအား သိပ်မပြင်းထန်လောက်ဘူး လို့ ခန့်မှန်းထားပေမယ့် “ဟေတီငလျှင်ကြီး” လှုပ်ခတ်လိုက်တာကြောင့် ကမ္ဘာ့လူသား နှစ်သိန်း လောက် သေကြေ ပျက်စီး သွားရတာမို့ ဒီခန့်မှန်းချက်ကတော့ လွဲမှားသွား ပါတယ်။ ဒါကြောင့် “ဗေဒင်ဆိုတာ မှားတတ်တာမျိုးဘဲ” လို့ ခံယူကြပြီး မကောင်းဘူး အဟောထွက်တဲ့ နေ့သားသမီးများလည်း သိပ်ကြီး စိတ် အနှောင့်အယှက် မဖြစ်ကြပါနဲ့။ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၆၀၀၀)ကျော် ကို အမျိုးအစား (၈)ခုထဲခွဲပြီး အကောင်း/အဆိုး ဟောထားတာဖြစ်လို့ လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ အပျော်ဖတ်လို့ဘဲ သဘောထားပါ။

.

ယခုလ(ဖေဖေါ်ဝါရီလ) ၇ ရက်သားသမီး ကံဇာတာ အကျဉ်းချုပ်

= ကြာသပတေးသားသမီး   (အလွန်ပင် ကောင်း)

= ရာဟု သားသမီး  (အလွန်ကောင်း)

= တနင်္ဂနွေ ၊ ဗုဒ္ဓဟူး သားသမီး (ကောင်း)

= အင်္ဂါ ၊ စနေ သားသမီး (အကောင်း/အညံ့ ရောထွေး)

= တနင်္လာ သားသမီး (အလွန် ညံ့)

= သောကြာ သားသမီး (အလွန်ပင် ညံ့)  ဆိုပြီးတော့ တွေ့ရပါတယ်။

.

နောက်ပြီး နာမည် တွဲလုံးအရ ကောင်းကျိုး/ဆိုးကျိုး အထူးပြုနိုင်တဲ့ နာမည်အတွဲတွေကတော့ -

.

နာမည်တွဲလုံး အလိုက် ကံဇာတာ အဆိုး/အကောင်း

= ကြာသပတေး စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ကောင်း)

= ကြာသပတေး စ , တနင်္ဂနွေ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ကောင်း)

= ဗုဒ္ဓဟူး စ , ဗုဒ္ဓဟူး ဆုံး နာမည်ပိုင်ရှင်များ (အလွန် ကောင်း)

= တနင်္ဂနွေ စ , တနင်္ဂနွေ  ဆုံး နာမည်ပိုင်ရှင်များ (အလွန်ကောင်း/ဘေးဥပဒ် အနည်းငယ်ရှိ)

= တနင်္ဂနွေ စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အလွန်ကောင်း)

= တနင်္ဂနွေ စ , ဗုဒ္ဓဟူး ဆုံး / ဗုဒ္ဓဟူး စ , တနင်္ဂနွေ ဆုံး နာမည်ပိုင်ရှင်များ (အောင်မြင်ရေးကောင်း/ပြဿနာရှိ)

= တနင်္လာ စ , ဗုဒ္ဓဟူး ဆုံး (သို့) ဗုဒ္ဓဟူး စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အကောင်း/အညံ့ ရော)

= အင်္ဂါ စ , ကြာသပတေး ဆုံး (သို့)  ကြာသပတေး စ , အင်္ဂါ ဆုံး နာမည်ပိုင်ရှင်များ (အကောင်း/အညံ့ ရော)

= ကြာသပတေး စ , စနေ ဆုံး (သို့)  စနေ စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (ကောင်းအား/ဆိုးအား ရော/ပြင်းထန်)

= တနင်္လာ စ , အင်္ဂါ ဆုံး (သို့)  အင်္ဂါ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (ညံ့)

= တနင်္လာစ , သောကြာ ဆုံး (သို့) သောကြာ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ညံ့)

= တနင်္လာ စ ,  တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ညံ့)

= တနင်္လာ စ , သောကြာ ဆုံး  (သို့) သောကြာ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ညံ့)

= သောကြာ စ , စနေ ဆုံး  (သို့) စနေ စ , သောကြာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ညံ့)

= သောကြာ စ , သောကြာ ဆုံး  နာမည်ပိုင်ရှင်များ (အလွန်ပင် ညံ့)                 ဆိုပြီးတော့ တွေ့ရပါတယ်။

မှတ်ချက်။                ။ အထက်ပါ နာမည်တွဲလုံးများတွင် မပါဝင်သော နာမည်ပိုင်ရှင်များ၏ အကောင်း/အဆိုးမှာ အစိမ်းရောင်ဖြင့် ပြထားသော (၇)ရက် သားသမီး အကောင်း/အဆိုးအတိုင်း ယူရမည်။ မွေးနံကောင်းပြီး နာမည်ညံ့လျှင် သော်၎င်း၊ နာမည် ညံ့ပြီး မွေးနံကောင်းလျှင်သော်၎င်း “အကောင်း/အဆိုး မျှ၍” ယူရမည်။

.

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးများကတော့ ယခုလမှာ ကံကောင်းခြင်း စာရင်းဝင်နေပါတယ်။ အိမ်တွင်းရေး ပြဿနာ၊ ဆွေမျိုးသားခြင်း ပြဿနာ၊ လုပ်ငန်းခွင်အတွင်း ပြဿနာ အနည်းငယ် မျှလောက်က လွဲရင် ကျန်တာအားလုံး ကောင်းနေပါမယ်။ အလုပ်အကိုင် အဆင်ပြေမယ်။ စီးပွားရေးလုပ်ငန်း တိုးချဲ့ရမယ်။ နာမည်ကောင်း ထွက်မယ်။ ငယ်ရွယ်သူများ ပညာရေး အလွန်ကောင်းမယ်။ ဘာသာရေး လုပ်နေသူများ ထွန်းထွန်းပေါက်ပေါက် ရှိမယ်။ အလှူဒါန ကြီးကြီးမားမား ပြုလုပ်ရန် အခွင့်အရေး ပေါ်လာတတ် တယ်။ အိမ်ထောင်ပြုရန် ကြံရွယ်သူများ အိမ်ထောင်ပြုဖြစ်မယ်။ ကိုယ့်ရဲ့ ဆရာသမား၊ အကြီးအကဲများရဲ့ မျက်နှာသာပေးမှု၊ အခွင့်အရေး ပေးမှုများကို ခံရမယ်။ ကျန်းမာရေး အနည်းငယ် ညံ့မယ်။ နေထိုင်မကောင်းဖြစ်မယ်။ အလုပ်ခွင်ထဲမှာ ကိုယ့်ထက် ငယ်ရွယ်သူ ၊ ရာထူးနိမ့်သူများရဲ့ ဒုက္ခပေးမှုကို ခံရဖွယ်ရှိတယ်။ ဒါပေမယ့် ယေဘူယျပြောရရင်တော့ ဖေဖေါ်ဝါရီလဟာ တနင်္ဂနွေ သားသမီးများအတွက် အကောင်းများမယ့် လ,တစ်လ ဖြစ်ကြောင်းပါ။

ယတြာပြုလိုသူများအတွက် ရန်ကုန်မြို့မှာ နေထိုင်သူများ “ရွှေတိဂုံဘုရားက အောင်မြေ”ပေါ်မှာ မိမိနှစ်သက်ရာ ပုတီးစိတ်နည်း တစ်ပါတ် စိပ်လိုက်ပါ။ ကျန်ဒေသများမှာ နေထိုင်သူများ “ပြောင်းဖူးပေါက်ပေါက်ပွင့်” ကို တနင်္ဂနွေနေ့မှာ ဘုရားမှာ ကပ်လှူပြီး ကိုယ်လည်း စားပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများလည်း ပြောင်းဖူးပေါက်ပေါက်ကို ကလေးငယ်များလည်း ၀ယ်ကျွေး ကိုယ်တိုင် လည်း စားလိုက်ပါ။

.

တနင်္လာ သားသမီးများ

တနင်္လာ သားသမီးများကတော့ ယခုလမှာ ကျန်းမာရေး နဲ့ ငွေကြေး ပြဿနာများ ၀င်ရောက်ဖွယ် ရှိပါတယ်။ ကျန်းမာရေးတော့ အထူးဂရုပြုပါ။ ခရီးသွားလာစဉ် မတော်တဆ ထိခိုက်မှုများ (သို့) ခရီးထွက်ပြီး ပြန်အလာမှာ နေမကောင်းဖြစ်ခြင်းများ ဖြစ်တတ် ပါတယ်။ အမျိုးသမီးများ အမျိုးသမီးရောဂါများ သတိထားပါ။ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းများ ရှင်းရဖွယ် ရှိပါတယ်။ သူများရဲ့ ငွေကြေးကို ကိုင်တွယ်နေရသူများ၊ စာရင်အင်း ကိုင်တွယ်ရသူများ သတိထားပါ။ ငွေကြေး ကွာဟမှု၊ စာရင်း ကွာဟမှု များ ဖြစ်တတ်ပါတယ်။ အထက်လူကြီးများရဲ့ မျက်နှာသာ ပေးမှုကို ခံရတတ်ပေမယ့် ပေးအပ်တဲ့ တာဝန်တွေက ကိုယ့်အတွက် ကြီးလေးနေတတ်ပါတယ်။ ငယ်ရွယ်သူများ ပညာရေးကံ ကောင်းပါတယ်။ အချစ်ရေးကိစ္စ၊ အိမ်ထောင်ရေး ကိစ္စတွေ ၀င်ရောက် လာစရာ ရှိပေမယ့် သောက မကင်းရတတ်ပါဘူး။ အညံ့များတတ်လို့ သတိပြုပါ။

ယတြာ လုပ်လိုသူများအတွက် ပဲပေါင်မုန့် နဲ့ အုန်းသီး အချိုရည်ကို နေအိမ် ဘုရားမှာ ကပ်လှူလိုက်ပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများ အတွက် ဒီ ပဲပေါင်မုန့်ကိုဘဲ အသက်အရွယ်ကြီးသူတစ်ဦးကို လှူဒါန်းလိုက်ပါ။

.

အင်္ဂါ သားသမီးများ

အင်္ဂါ သားသမီးများကတော့ ယခုလမှာ လူပင်ပန်း ၊ စိတ်ပင်ပန်း ဖြစ်ရမှုများပြီး Stress များမယ့် လ, တစ်လဖြစ်ပါတယ်။ အကြီး အကဲလည်း အကြီးအကဲ အလျှောက် ၊ ငယ်ရွယ်သူလည်း ငယ်ရွယ်သူ အလျှောက် ကိုယ်မနိုင်တဲ့ တာဝန် ၀တ္တရားတွေ “ပိ” နေတတ်တယ်။ တာဝန်မယူလို့ကလည်း မရဖြစ်နေတတ်တယ်။ အချို့ဝန်ထမ်းများ အလုပ်အပြောင်းအရွှေ့ ၊ နေရာ အပြောင်း အရွှေ့များ ဖြစ်နိုင်တယ်။ အနားမနေရအောင် အလုပ်တာဝန်တွေ များနေမယ်။ အသက်ကြီးသူ၊ လူအိုလူမင်းများအတွက် စိတ်သောက ရောက်ရဖွယ် ရှိတယ်။ လူမျိုးခြား၊ ဘာသာခြားရဲ့ ဒုက္ခပေးမှုကို ခံရနိုင်တယ်။ အိမ်မှာ စက်ပစ္စည်း အသစ်ဝင်ကိန်း ရှိပြီး ၀င်လျှင် မကောင်းပါ။ အချို့ “သက္ခတ်ကောင်း” များအတွင်း ရောက်နေသူများ ရာထူးတိုးတက်ခြင်း၊ အလုပ်အကိုင် တိုးတက် ခြင်းများ ရှိနိုင်ပေမယ့် ရာထူး/အလုပ်တိုးတက်တာနဲ့ မမျှအောင် လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရမယ်။ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာပြုလိုသူများအတွက် ဘုရားမှာ အစိမ်းရောင် ပန်းသီး ဖြစ်စေ၊ ပန်းသီးဖျော်ရည်ကို အစိမ်းရောင် ခွက်တစ်ခုမှာ ထည့်လို့ ဖြစ်စေ ဘုရားမှာ ကပ်လှူလိုက်ပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ ကိုယ့်အ၀တ်အစားထဲက “ပန်းရောင် (သို့) အပြာနုရောင်” အ၀တ် အစား အဟောင်းတစ်ခုခုကို မရှိနွမ်းပါးသူတစ်ဦးအား စွန့်ကြဲလိုက်ပါ။

.

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူး သားသမီးများကတော့ ယခင်လ, က အတိုင်းဘဲ ကောင်းမြဲ ဆက်ကောင်းနေမှာ ဖြစ်ပါတယ်။ သက္ခတ် အညံ့များထဲ ရောက်နေသူ အချို့လောက်သာ ကောင်းကျိုးကို သိသိသာသာ မခံစားရဘဲ ရှိပါလိမ့်မယ်။ ယခင်လများက နာမည်ကျော်ကြားခဲ့ သူများ ယခုလမှာ ပိုမိုကျော်ကြားပြီး ဘုန်းတန်ခိုးသြဇာပိုပြီး တက်လာမယ့် လ, ဖြစ်ပါတယ်။ နာမည် ပိုမိုကျော်ကြားလာမယ့် လ, ဖြစ်ပါတယ်။ ဒါပေမယ့် မလိုလားသူတစ်ချို့ရဲ့ နာမည်ဖျက်မှု၊ အပုပ်ချခံရမှုမျိုးလည်း ရှိနိုင်မှာဖြစ်ပြီး သိပ်တော့ ကြီးကြီးမားမား မဟုတ်ပါ။ ၀န်ထမ်းများ ရာထူး၊ အလုပ် တိုးတက် ကိန်းရှိပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်အကိုင် သိသိသာသာ တိုးတက်နိုင်ပါတယ်။ ဘွဲ့ထူးဂုဏ်ထူးတွေ ရတတ်ပါတယ်။ ဆုတံဆိပ်တွေ ရတတ်ပါတယ်။ အိုးအိမ် ဆောက်လုပ်ရေး၊ အကျိုးဆောင် လုပ်ငန်းများ၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်သူများ၊ ရွှေ အပါအ၀င် သတ္တုပစ္စည်းများ ရောင်းဝယ်သူများ၊ ကုန်လှောင်သူများ၊ ၀န်ဆောင်မှုလုပ်ငန်းလုပ်သူများ အလွန်အကျိုးများပါမယ်။

ယတြာပြုလိုသူများအတွက် မွေးနေ့ဗုဒ္ဓဟူးနေ့မှာ စာကလေးတွေအတွက် သစ်သားအိမ်ကလေးတစ်ခု ဆောက်လုပ်ပြီး ချိတ်ဆွဲ ထားလိုက်ပါ။ ဗုဒ္ဓဘာသာမဟုတ်သူများလည်း ပြုလုပ်နိုင်ပါတယ်။

.

ကြာသပတေး သားသမီးများ

ကြာသပတေး သားသမီးများအတွက် ယခင်လ, က ညံ့ခဲ့သလောက် ယခုလမှာ ကောင်းကျိုးများ အထူးခံစားရနိုင်တဲ့ လ, တစ်လ ဖြစ်ပါတယ်။ “သက္ခတ်” ကောင်းများမှာ ရောက်နေသူများ အလုပ်အကိုင် တိုးတက်ချဲ့ထွင်ရခြင်း၊ ရာထူးတိုးတက်ခြင်း၊ ဂုဏ်ထူး ဘွဲ့တံဆိပ်များ ရရှိခြင်းများကြုံရနိုင်တယ်။ (ယခင်လက မလုပ်ဖြစ်ခဲ့တဲ့  ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲများ ဒီလထဲမှာ လုပ်ဖြစ်ရင် ကြာသပတေးသားသမီးထဲက တစ်ယောက်ယောက်တော့ ရလိမ့်မယ် ထင်တယ်)။ နာမည်နဲ့ လုပ်စားသူများ နာမည်အထူး ကျော်ကြားမယ်။ အကြီးအကဲ ဆရာသမားများရဲ့ ကြည့်ရှုစောင်မမှုကို ခံရမယ်။ ဘာသာရေးနဲ့ ပက်သတ်ပြီး ထူးထူးခြားခြား ဆောင်ရွက်ရမယ်။ သက္ခတ် အညံ့များထဲ ရောက်နေသူများပင် ဒီလထဲမှာ ကောင်းကျိုး အနည်းနဲ့အများ ခံစားရနိုင်တာမို့ ဒီလဟာ ကြာသပတေး သားသမီးများအတွက် အထူးပင် ကောင်းမွန်တဲ့လ တစ်လ ဖြစ်ကြောင်းပါ။

ယတြာပြုလုပ်လိုသူများအတွက် ဒီလမှာ ကျီး၊ ကြောင်၊ ခို ၊ ခွေး စတဲ့ တနင်္လာနဲ့ စတဲ့ သတ္တ၀ါတွေကို အစာကျွေးပြီး ဒါနပြု လိုက်ပါ။ ဘေးမဲ့ရေကန်များထဲရှိ “ငါး” များကို “ပေါက်ပေါက်” ပွင့်များ ကျွေးမွေးခြင်းလည်း ကောင်းမွန်ပါတယ်။ ဗုဒ္ဓဘာသာ ၀င်များအတွက် မိမိနေအိမ်ဘုရားမှာ “အောင်သပြေ” ပန်းကို မပြတ် ကပ်လှူထားပါ။

.

သောကြာ သားသမီးများ

သောကြာ သားသမီးများအတွက် ဒီလဟာ အလွန်ညံ့တဲ့ လ, တစ်လ ဖြစ်သွားနိုင်ပါတယ်။ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ ၊ ကြာသပတေး သက္ခတ်များမှာ ရောက်နေသူများဆိုရင် အထူးသတိထားရပါမယ်။ ဘ၀မှာ အလွန်ကြီးမားတဲ့ ဘ၀အလှည့်အပြောင်း တစ်ခုခု ဖြစ်သွား နိုင်ပါတယ်။  အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်နေသူများ သတိထားပါ။ အိမ်ထောင်ကွဲ ပျက်သွားနိုင်ပါတယ်။ နဂိုက တည်းက နာတာရှည်ရောဂါ တစ်ခုခု ရှိနေသူများလည်း ဒီလ, ထဲမှာ ကျန်းမာရေး ဆိုးဝါး လာတတ်ပါတယ်။ ဆွေမျိုးသားခြင်း၊ ညီအစ်ကို မောင်နှမများက ဒုက္ခပေးတာ တစ်မျိုး၊ ငွေရေးကြေးရေး ပြဿနာက တစ်ဖုံ အမျိုးစုံအောင် သောကရောက်နေရတတ် ပါတယ်။ ၀န်ထမ်းများ မိမိမသွားချင်သော နေရာ၊ အလုပ်များသို့ ရွှေ့ပြောင်းခံရတတ်ပါတယ်။ နာမည်ဖြင့် လုပ်စားနေသူများ နာမည်ပျက်ကိန်း ရှိပါတယ်။ ဒီလထဲမှ ဖြစ်နိုင်ရင် ဘယ်ကိုမှ ခရီးမထွက်ဘဲနေပါ။ ခရီးသွားရင်း (သို့) ခရီးက အပြန်မှာ နေထိုင် မကောင်းဖြစ်တတ်ပါတယ်။ စကားလည်း သိပ်မပြောပါနဲ့။ စကားများ အမှားပါ ဆိုတာလို ကိုယ့်စကားတစ်ခွန်းမှားသွားလို့ ပြဿနာ အကြီးအကျယ် တက်တတ်ပါတယ်။ အလွန်ညံ့တဲ့ လ, ဖြစ်လို့ မိမိကိုးကွယ်ရာ ဘာသာတရားကိုသာ ဆည်းကပ်နေပါ။

ယတြာပြုလုပ်လိုသူများအတွက် အိမ်ကဘုရားမှာဘဲ သစ်တော်သီး ဖြစ်စေ၊  သစ်အယ်သီး၊ သရက်သီး ၊ သီဟိုစေ့ စတဲ့ “သောကြာ” နံနဲ့ စ,တဲ့ အသီးများကို မပြတ်ကပ်လှူထားပါ။ သစ်သီးမရင် ဖျော်ရည်များကိုလည်း ကပ်လှူနိုင်ပါတယ်။ ဗုဒ္ဓ ဘာသာ မဟုတ်သူများအတွက် “လမ်းပြင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း” အလှူများကို တတ်နိုင်သလောက် လှူပေးပါ။ သို့မဟုတ် “သွားရောဂါ” ခံစားနေရသော နွမ်းပါးသူတစ်ဦးဦး ဆေးအလှူဒါနပြုပေးလိုက်ပါ။

.

စနေ သားသမီးများ

စနေ သားသမီးများကတော့ ဒီလမှာ ယခင်လ (ဇန်န၀ါရီလက လိုဘဲ) ကောင်းအား/ဆိုးအား ပြင်းထန် နေဦးမှာ ဖြစ်ပါတယ်။ ကောင်းစရာ ရှိရင်လည်း အရမ်းကောင်းတတ်ပြီး ဆိုးစရာ ရှိရင်လည်း အရမ်းဆိုးတတ်ပါတယ်။ နာမည်ကောင်းလည်း ထွက်တတ် တယ်။ နာမည်ဆိုးလည်း ထွက်တတ်တယ်။ စာအုပ်၊ စာပေ၊ စာ/နယ်/ဇင်း လုပ်ငန်းများ၊ သတင်းဆက်သွယ်ရေး လုပ်ငန်းများ၊ အကျိုးဆောင်လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ၊ အနုပညာလုပ်ငန်း လုပ်သူများ အထူးအောင်မြင် ကျော်ကြားတတ်တယ်။ ဂုဏ်ထူးဘွဲ့ထူးများ ရတတ်တယ်။ (ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ ဒီလထဲမှာ လုပ်ခဲ့ရင် စနေ သားသမီးများ မျှော်လင့်ချက် တော်တော် ရှိတယ်)။ သက္ခတ်အညံ့များ (အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ) များတွင်ရောက်နေပြီး ဥပဒေ မကင်းတဲ့ အလုပ်များ လုပ်ကိုင် နေသူများအတွက် ဒီလဟာ ထောင် , အချုပ် တို့နဲ့ တော်တော် နီးစပ်တဲ့ လ, ဖြစ်ပါတယ်။ တိုင်းသိ ပြည်သိ နာမည်ကျော်ကြား နေသူ ပုဂ္ဂိုလ်များမှာ မမျှော်လင့်ဘဲ ရုတ်တရက် အန္တရာယ် ကျရောက်တတ်ပါတယ်။ (သက္ခတ် အညံ့အတွင်း ရှိလျှင်)

ယတြာပြုလုပ်လိုသူများအတွက် စနေနေ့တစ်နေ့နေ့မှာ အိမ်ကဘုရားမှာ “ဒိန်ချဉ်” တစ်ခွက် ကပ်လှူပါ။ (နံနက်ပိုင်း)။ အရွတ် အဖတ် ၀ါသနာပါသူများ ယခုလမှာ “ဓာရဏ” ပရိတ်ကို မကြာခဏ ရွတ်ဆိုပေးပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ “ဒူးရင်းသီး” ၀ယ်ပြီး ကိုယ်တိုင်ရော၊ မိသားစုများရော၊ မိတ်ဆွေများကိုပါ ခေါ်ပြီး စုပေါင်းစားသောက် ဒါနပြုလိုက်ပါ။

.

ရာဟု သားသမီးများ

ရာဟု သားသမီးများကတော့ ဒီလမှာ ဗုဒ္ဓဟူးသားသမီးများထက်ပင် ပိုမိုကံကောင်းမယ့် လ, ဖြစ်ပါတယ်။ သက္ခတ်ကောင်းများမှာ ရောက်နေသူများမှာ နာမည်ကျော်ကြားခြင်း၊ ဘွဲ့ထူးဂုဏ်ထူးများ၊ ဆုတံဆိပ်များရတတ်လို့  “ရာဟုသားသမီး အနုပညာရှင်များ”  ယခုလမှာ အကယ်ဒမီဆုများ မျှော်မှန်းနိုင်ပါတယ်။ အိုးအိမ်နဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကံကောင်းမယ်။ အိုးသစ်အိမ်သစ် ဆောက်လုပ်/၀ယ်ယူရန် ရည်မှန်းထားသူများ ယခုလမှာ အောင်မြင်နိုင်တယ်။ အိုးသစ်၊ အိမ်သစ်၊ အလုပ်သစ် အကိုင်သစ်များ ၀င်ရောက်ကိန်း ရှိပါတယ်။ သက္ခတ်ကောင်းများမှာ ရောက်နေသူများမှာ ရာထူး တက်ကိန်း၊ ဂုဏ်ထူးဘွဲ့ထူး ရကိန်း ရှိတတ်တယ်။ ၀န်ထမ်းအလုပ် လုပ်နေသူများက ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူများထက် ပိုမို ကံကောင်းမယ်။ အကြီးအကဲ အလုပ်ရှင်များရဲ့ မျက်နှာသာပေးမှု၊ မြှောက်စားမှုများကို ရရှိခံစားရနိုင်တယ်။

ယတြာပြုလုပ်လိုသူများအတွက် ယခင်လကလိုဘဲ ဘုရားမှာ “အုန်းသီးစိပ်၊ အုန်းသီးဖျော်ရည်၊ အုန်းသီးနဲ့ လုပ်သော မုန့် များကိုသာ မကြာ ခဏ ကပ်လှူပေးပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများ ကလေးငယ်များကို အုန်းသီးသကြားလုံးများ မကြာခဏ ဝေငှ ပေးပါ။ ယတြာက ယခင်လ , က အတိုင်းမပြောင်းလဲပါ။ “ဘုန်းကြီးလိုလျှင် အုန်းသီး” လှူပေး၊ စားပေးပါ။

.

မှတ်ချက်။             ။ အထက်ပါ (၇) ရက် သားသမီး ဟောကိန်းများသည် ယေဘူယျ သဘောသာ ဆောင်ယူပါသည်။ ပိုမိုအရေး ကြီးသည်မှာ မိမိရောက်ရှိနေသော “သက္ခတ်” (သက်ရောက်ကိန်း) အပေါ်တွင် မူတည်ပါသည်။ သက္ခတ် ကောင်းလျှင် ကောင်းကျိုးကို ပိုမိုခံစားရမည်ဖြစ်ပြီး ဆိုးကျိုးကို လျော့နည်းခံစားရမည်ဖြစ်ပါသည်။ သက္ခတ် ညံ့လျှင် ဆိုးကျိုးကို ပိုမိုခံစားရမည် ဖြစ်ပြီး ကောင်းကျိုးကို လျော့နည်း ခံစားရမည်ဖြစ်ပါသည်။ ထိုအချက်ကို သတိပြုပါ။

.

(၇)ရက်သားသမီးအားလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေသော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

ယခုလ ဇန်န၀ါရီလဟာ ၂၀၁၀ ခုနှစ်ရဲ့ ပထမဆုံးလ လည်းဖြစ်ပါတယ်။ ဒီလထဲမှာ ထူးခြားတာက (၇)ရက်သားသမီးများအနက် “ဗုဒ္ဓဟူး နဲ့ ရာဟု သားသမီး” များသာ လွတ်လွတ်ကျွတ်ကျွတ် ကောင်းမွန်ပြီး ကျန်နေ့သားမီးများမှာ အကောင်း နဲ့ အဆိုး ဒွန်တွဲ နေကြမယ့် လ, ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းအား/ဆိုးအား ပြင်းထန်မှုတော့ သိပ်မရှိလှပါဘူး။ သက္ခတ်အညံ့ထဲမှာ ရှိမနေသူများ သာမန် အညံ့လောက်ပါဘဲ။ သက္ခတ်ကောင်းမှာ ရောက်နေရင်တော့ အညံ့တောင်မှ သိပ်မရှိနိုင်ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက (၇) ရက်သားသမီးများအတွက် ကောင်းအား/ဆိုးအား အလွန်ပြင်းထန်မယ်လို့ ရေးခဲ့တဲ့အတိုင်း ဒီဇင်ဘာလထဲမှာ ကမ္ဘာအ၀ှမ်း ကပွဲရုံမီးလောင်မှု၊ ရထားဗုံးကွဲမှု၊ အသေခံဗုံးခွဲမှု များကြောင့် အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးမှုတွေ ဖြစ်ခဲ့တာကို သတိထားမိကြမယ် ထင်ပါတယ်။

နောက်ပြီး ဒီဇင်ဘာလဟောကိန်းထဲမှာ အကောင်းဆုံးနေ့သားသမီးအဖြစ် အင်္ဂါသားသမီး ကို သတ်မှတ်ပေးထားပါတယ်။ ပေးထားတဲ့အတိုင်း “သက္ခတ်” ကောင်းထဲမှာ ရောက်နေတဲ့ အင်္ဂါသားသမီးအတော်များများ ကောင်းကြတာကို တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ “သောကြာ” သက္ခတ်ထဲမှာရောက်နေတဲ့ အင်္ဂါသားဖြစ်တဲ့ဆရာကြီး ဒေါက်တာဒဂုန်” ဟာ ဒီဇင်ဘာလ ထဲမှာဘဲ နိုင်ငံတော်က ချီးမြှင့်ခဲ့တဲ့ “အမျိုးသားစာပေဆုကြီး” ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စာရေးဆရာ သက်တမ်း အနှစ်(၄၀) ကျော်အတွင်း မှာ ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်တာဖြစ်လို့ ထူးခြားလှပါတယ်။ ဒါကြောင့် ယေဘူယျတော့ ယေဘူယျပါဘဲ။ ဒါပေမယ့် လူအများစုနဲ့ သက်ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်။

.

ယခုလ(ဇန်န၀ါရီလ) ၇ရက်သားသမီး ကံဇာတာ အကျဉ်းချုပ်

= ကြာသပတေးသားသမီး   (အလွန်ညံ့)

= စနေ သားသမီး  (အကောင်း/အညံ့ ဒွန်တွဲနေ၊ အညံ့များ)

= တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီး (ကောင်း/ဆိုး သင့်ရုံ)

= ဗုဒ္ဓဟူး ၊ ရာဟု သားသမီး (အလွန်ကောင်း)  ဆိုပြီးတော့ တွေ့ရပါတယ်။

.

နောက်ပြီး နာမည် တွဲလုံးအရ ကောင်းကျိုး/ဆိုးကျိုး အထူးပြုနိုင်တဲ့ နာမည်အတွဲတွေကတော့ -

.

နာမည်တွဲလုံး အလိုက် ကံဇာတာ အဆိုး/အကောင်း

= ဗုဒ္ဓဟူး စ , ဗုဒ္ဓဟူး ဆုံး နာမည်ပိုင်ရှင်များ (အလွန်ကောင်း)

= ဗုဒ္ဓဟူး စ , တနင်္ဂနွေ ဆုံး နာမည်ပိုင်ရှင်များ (ရှေ့ပိုင်း ကောင်း/လကုန်ပိုင်း ညံ့)

= စနေ စ , ဗုဒ္ဓဟူး ဆုံး နာမည်ပိုင်ရှင်များ (အောင်မြင်ရေး ကောင်း/အိမ်ထောင်ရေးညံ့/ရန်များ)

= စနေ စ , စနေ ဆုံး နာမည်ပိုင်ရှင်များ (အောင်မြင်ရေး ကောင်း/အတွင်းရန် အပြင်ရန် ရှိ)

= အင်္ဂါ စ , ဗုဒ္ဓဟူး ဆုံး နာမည်ပိုင်ရှင်များ (အစောပိုင်း ညံ့/လ,လယ်နောက်ပိုင်း ကောင်း)

= တနင်္လာ စ , ဗုဒ္ဓဟူး ဆုံး (သို့) ဗုဒ္ဓဟူး စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အကောင်း/အညံ့ ရော)

= ဗုဒ္ဓဟူး စ , သောကြာ ဆုံး (သို့)  သောကြာ စ , ဗုဒ္ဓဟူး ဆုံး နာမည်ပိုင်ရှင်များ (အကောင်း/အညံ့ ရော)

= တနင်္ဂနွေ စ , သောကြာ ဆုံး (သို့)  သောကြာ စ , တနင်္ဂနွေ ဆုံး နာမည်ပိုင်ရှင်များ (ကောင်းအား/ဆိုးအား ရော/ပြင်းထန်)

= တနင်္ဂနွေ စ , တနင်္လာ ဆုံး (သို့)  တနင်္လာစ , တနင်္ဂနွေ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ညံ့)

= အင်္ဂါစ , ကြာသပတေး ဆုံး (သို့) ကြာသပတေး စ , အင်္ဂါ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ညံ့)

= ကြာသပတေး စ ,  ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အလွန့်အလွန်ညံ့)

= တနင်္လာ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အလွန့်အလွန်ညံ့)

မှတ်ချက်။                ။ အထက်ပါ နာမည်တွဲလုံးများတွင် မပါဝင်သော နာမည်ပိုင်ရှင်များ၏ အကောင်း/အဆိုးမှာ အပြာရောင်ဖြင့် ပြထားသော (၇)ရက် သားသမီး အကောင်း/အဆိုးအတိုင်း ယူရမည်။ မွေးနံကောင်းပြီး နာမည်ညံ့လျှင် သော်၎င်း၊ နာမည် ညံ့ပြီး မွေးနံကောင်းလျှင်သော်၎င်း “အကောင်း/အဆိုး မျှ၍” ယူရမည်။

.

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးများကတော့ ယခုလမှာ အကောင်း ရှိသလို အညံ့လည်း ရှိပါတယ်။ အလုပ်အကိုင် တိုးတက်ခြင်း၊ နာမည် ကောင်းထွက်ခြင်း၊ လူမှုဆက်ဆံရေး နှင့် အပေါင်းအသင်းနယ်ပင် ကျယ်ပြန့်ခြင်းများရှိပါတယ်။ စာပေ၊ စာနယ်ဇင်း၊ သတင်းဆက်သွယ်ရေး၊ ကြော်ငြာ၊ ၀န်ဆောင်မှု၊ အကျိုးဆောင်လုပ်ငန်းများ လုပ်နေသူများ လုပ်ငန်းနဲ့ ပက်သက်ပြီး အကျိုး ကျေးဇူးများ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အကြီးအကဲ၊ ဆရာသမားများနှင့် ပက်သက်ပြီး စိတ်ဆင်းရဲရဖွယ် ရှိပါတယ်။ ဘာသာရေးနဲ့ ပက်သက်ပြီး ကြံရွယ်ထားမှုများ မအောင်မြင်ခြင်း၊ နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်တတ် ပါတယ်။ ၀မ်းဗိုက်နှင့် ပက်သက်သော ရောဂါဝေဒနာများ ခံစားရတတ်ပါတယ်။ ငွေကြေးပျောက်ဆုံးခြင်း၊ စက်ပစ္စည်းများ ပျက်စီးခြင်းများကြောင့် စိတ်အနှောက်အယှက် ဖြစ်ရဖွယ် ရှိပါတယ်။ ရပ်ဝေးနေ ဆွေမျိုးများ အလည်လာ တည်းခိုခြင်းကြောင့် စိတ်ပင်ပန်းရဖွယ် ရှိပါတယ်။ ဒါပေမယ့် သိပ်ဆိုးဝါးတဲ့ လ, တော့လည်း မဟုတ်ပါဘူး။ အကောင်း/အဆိုးတွေဟာ သင့်ရုံလောက်ပါဘဲ။

ယတြာပြုလိုသူများအတွက် ပေါင်မုန့် ထောပတ်သုတ် ကို အိမ်ကဘုရားမှာ ကပ်လှူလိုက်ပါ။ ဗုဒ္ဓ ဘာသာမဟုတ်သူများအတွက် ကိုယ့်ရဲ့ ဆရာသမားတစ်ဦးဦးကို ဒန်ပေါက်ထမင်း တစ်ထုပ် ပါဆယ် လက်ဆောင်ဝယ်ပေးလိုက်ပါ။

.

တနင်္လာ သားသမီးများ

တနင်္လာ သားသမီးများကတော့ ယခုလမှာ စိတ်ဖိစီးမှု၊ လူပင်ပန်းမှု များတတ်ပါတယ်။ မလုပ်ချင်တဲ့ တာဝန်ဝတ္တရား တွေကို ယူနေရတတ်ပါတယ်။ သက္ခတ်အညံ့များအတွင်း ရောက်နေသူ ၀န်ထမ်းများ ကိုယ်မသွားချင်တဲ့ အရပ်၊ မလုပ်ချင်တဲ့ အလုပ်နေရာများကို ပြောင်းလဲရဖွယ် ရှိပါတယ်။ သောကြာ သက္ခတ်များအတွင်း ရောက်နေသူများ နိုင်ငံခြား ခရီး၊ ဘုရားဖူး ခရီးရှည်များ ထွက်ရတတ်ပါတယ်။ အိမ်တွင်းရေး စိတ်ပူပန်စရာတွေ ဖြစ်နိုင်ပါတယ်။ အိုးအိမ်၊ အကြီးအကဲ များနဲ့ ပက်သက်ပြီး စိတ်ပူပင်စရာတွေ ပေါ်တတ်ပါတယ်။ ငွေကြေး ပျောက်ဆုံးခြင်း၊ အလဟသ ဆုံရှုံးသွားခြင်းမျိုး ဖြစ်ရဖွယ် ရှိပါတယ်။ ကျန်းမာရေး ညံ့နေတတ်ပြီး အမျိုးသမီးများမှာ အမျိုးသမီးရောဂါများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရဖွယ် ရှိပါတယ်။ ကျောက်အရောင်း အ၀ယ်၊ ကားအရောင်းအ၀ယ်၊ ငွေကြေးအရောင်းအ၀ယ် လုပ်နေသူများ ဒီလထဲမှာ ပြဿနာ နှင့် ဆုံရှုံးမှုများ ကြုံရဖွယ်ရှိပါတယ်။ တနင်္လာသားသမီးများအတွက် ငွေနဲ့ ပက်သက်ပြီး တော်တော် ခေါင်းကိုက် ရမယ့် လ, တစ်လ ဖြစ်ပါတယ်။

ယတြာ လုပ်လိုသူများအတွက် ဒီလ ယတြာက နဲနဲထူးဆန်းတယ်။ အဲဒါကတော့ ဒီလ, တစ်လ,လုံး “မုသား” ပြောဆိုခြင်းကို လုံးဝ ထိန်းသိမ်းလိုက်ပါ ။ ရယ်စရာ မောစရာအနေနဲ့တောင် လိမ်မပြောပါနဲ့။ ဒီတစ်လ ထဲပါ။ ဗုဒ္ဓဘာသာရော၊ ဗုဒ္ဓဘာသာ မဟုတ်သူ များ အားလုံးအတွက်ပါ။ လုပ်ကြည့်ပါ။ အကျိုးထူးပါလိမ့်မယ်။

.

အင်္ဂါ သားသမီးများ

အင်္ဂါ သားသမီးများကတော့ ယခုလမှာ နာမည်ကြီးခြင်း၊ ဂုဏ်သတင်းကြီးခြင်း၊ မိမိစွမ်းဆောင်ချက်များ အောင်မြင်ခြင်း၊ မင်းစိုးရာဇာအကြီးအကဲ နှင့် အထက်လူကြီးများ၏ အကူအညီကို ရရှိခံစားရခြင်းများ ဖြစ်နိုင်ပါတယ်။ လူလည်း ပင်ပန်း မယ်။ စိတ်လည်း ပင်ပန်းမယ်။ အနားမယူနိုင်လောက်အောင် အလုပ်များမယ်။ ဒါပေမယ့် ရန်သူရှိတယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းကို အပုပ်ချမယ့် သူတွေ ရှိနေတယ်။ အုပ်ချုပ်ရေး၊ စစ်ဘက်၊ အင်ဂျင်နီယာ၊ ဆေးဝါးလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ပြန်လည် ပြုပြင်မွမ်းမံရတဲ့လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်နေသူများ အကျိုးများလိမ့်မယ်။ လူမျိုးခြားရဲ့ အကူအညီ ကို ရမယ်။ နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်နေသူများ ပိုမိုကံကောင်းမယ်။ ခရီးတို၊ ခရီးရှည်များ ထွက်ရန် ရှိတယ်။ နိုင်ငံခြားကို ထွက်မည့်သူများ ထွက်ရမယ်။ ဒီလမှာ အတွင်းရန် အပြင်ရန်ကို အထူးသတိပြုပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး ပြဿနာ ကြီးမားတတ်ပါတယ်။ ကောင်းအား/ဆိုးအား သိပ်တော့ မပြင်းထန်လှပါ။

ယတြာပြုလိုသူများအတွက် နွားနို့တစ်ဖန်ခွက် ကို အင်္ဂါနေ့ဖြစ်စေ၊ စနေနေ့ဖြစ်စေ ဘုရားမှာ ကပ်လှူလိုက်ပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများအတွက် အသက်ကြီးသူတစ်ယောက်ယောက်ကို နာနတ်သီးဖြစ်စေ၊ နာနတ်သီးဖျော်ရည်ဖြစ်စေ ပေးကမ်း လှူဒါန်းလိုက်ပါ။

.

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူး သားသမီးများကတော့ ယခုလဟာ ထူးထူးခြားခြား အောင်မြင်တိုးတက်မှုတွေ ရရှိနိုင်မယ့် လ, ဖြစ်ပါတယ်။ နာမည် ဂုဏ်သတင်း အလွန်ကျော်ကြားမယ်။ လူမှုဆက်ဆံရေးများ အောင်မြင်မယ်။ စီးပွားရေးလုပ်ငန်းတွေ အရှိန်မြင့်မားစွာ တိုးတက်မယ်။ ငွေကြေးကံလည်း အလွန်ကောင်းနေပါတယ်။ ၀န်ထမ်းများ ရာထူးတက်နိုင်တဲ့ လ, ဖြစ်တယ်။ အိုးအိမ် ၀ယ်ယူဖို့ ပြင်ဆင်နေသူများ ဒီလထဲမှာ အိုးအိမ်၊ တိုက်ခန်းများ ၀င်ကိန်း ရှိပါတယ်။ လူအများနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ ဘယ်လုပ်ငန်း မဆို တိုးတက်ကောင်းမွန်မယ်။ အနုပညာရှင်များ အလွန်အောင်မြင်ကျော်ကြားတတ်ပြီး ဘွဲ့တံဆိပ်၊ ဆု များ ရရှိတတ်ပါတယ်။ (ဒီလ,ထဲမှာ အကယ်ဒမီ ဆုများပေးမယ်ဆိုရင်တော့ ဗုဒ္ဓဟူးသားသမီး (သို့) ဗုဒ္ဓဟူးနံနဲ့ အမည်မှည့်ထားသူများ အကယ်ဒမီဆု များ ဆွတ်ခူးရရှိဖို့ အလွန် အခြေအနေ ကောင်းနေပါတယ်) ဒါပေမယ့် ဒီလမှာ လက်အောက်လူ များအတွက် စိတ်ဆင်းရဲရမယ်။ စိတ်သောက များရမယ်။ လုပ်ငန်း ကြီးလုပ်သူများ လက်အောက် ၀န်ထမ်းများနှင့် ပြဿနာဖြစ်မယ်။ လူအိုလူမင်း၊ ကျန်းမာရေး မကောင်းသော ဆွေမျိုးများကြောင့် စိတ်ရှုပ်ရမယ်၊ စိတ်ပူပန်ရမယ်။ ကျန်တာတော့ “အားလုံး ကောင်းပါသည်ခင်ဗျား”  လို့ ဆိုနိုင်ပါတယ်။

ယတြာပြုလိုသူများအတွက် မွေးနေ့ဗုဒ္ဓဟူးနေ့မှာ သံဃာတစ်ပါးကို “ဖိနပ်” တစ်ရံ လှူဒါန်းလိုက်ပါ။ ဗုဒ္ဓဘာသာ မဟုတ်သူ များအတွက် မိမိစီးနေသော ဖိနပ်အဟောင်းတစ်ရံကို တောင်းရမ်းစားသူတစ်ဦးအား ပေးကမ်းလိုက်ပါ။

.

ကြာသပတေး သားသမီးများ

ကြာသပတေး သားသမီးများအတွက် ယခုလဟာ အညံ့များလိမ့်မယ်။ Pressure များမယ်။ Stress များမယ်။ တာဝန်ကြီး မယ်။ တစ်ချို့ အလုပ်အကိုင် တိုးတက်တာ၊ ရာထူးတိုးတာ ရှိပေမယ့် ၀န်နဲ့အား မမျှဘဲ ဖြစ်နေမယ်။ ကိုယ်လုပ်နိုင်တာ ထက် တာဝန်က ပိုကြီးနေမယ်။ အလုပ်တွေ မနိုင်မနင်းဖြစ်နေမယ်။ နဂိုကတည်း “တစောင်းစေး နဲ့ မျက်ချေး” ဖြစ်နေတဲ့ အိမ်ထောင်ရေးများ ဒီလထဲမှာ အလွန်အန္တရာယ်ကြီးတယ်။ လင်မယား နှစ်ယောက်လုံး ကြာသပတေးသားသမီးတွေ ဖြစ်နေရင် အလွန်ဆိုးဝါးတဲ့ အိမ်ထောင်ရေးပြဿနာတွေ ဖြစ်နိုင်တယ်။ ရုတ်တရက် ရှောင်တခင် ကျန်းမာရေး ညံ့တာတို့၊ ထိခိုက်ဒဏ်ရာ ရတာတို့ ဖြစ်နိုင်တယ်။ ငွေကြေးအစုအပုံဝင်ကိန်းရှိတယ်။ ဒါပေမယ့် အဲဒီငွေကြေးဟာ ပြဿနာမကင်း တဲ့ ငွေကြေးဖြစ်နေပြီး နောက်က အမှုအခင်းတွေ ဆက်တိုက်ဝင်ရောက်လာနိုင်တယ်။ (၀န်ထမ်းများ “လာဘ်ငွေ” သတိပြုပါ)။ ကားလုပ်ငန်း၊ ငွေကြေး ရောင်းဝယ်မှုလုပ်ငန်း၊ ကျောက်လုပ်ငန်းလုပ်ငန်းတွေ လုပ်နေသူများ ပြဿနာကြီးတွေ၊ အဆုံးအရှုံးတွေ အများကြီး ဖြစ်နိုင် ပါတယ်။ ဒီလထဲမှာ ကောင်းတာလို့ ယူဆတာမှန်သမျှ အဆိုးနောက်က ကပ်ပါလာနိုင်တာကို သတိ ကြီးကြီးထားပါ။

ယတြာပြုလုပ်လိုသူများအတွက် ဒီလမှာ မိမိပိုင်ငွေကြေး ပမာဏ ခပ်များများကို လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လှူဒါန်းလိုက်ပါ။ ကြာသပတေးသားသမီးများအတွက် ယခုလအကောင်းဆုံး ယတြာဟာ “ဂုဏ်ပကာသန” မပါတဲ့ လူမှုရေး အလှူတွေ များများလုပ်ပါ။ ကိုယ့်စိတ်ထဲမှာ နှမြောစိတ် ဖြစ်လောက်တဲ့ ငွေပမာဏ အထိအောင် လှူပစ်ပါ။ အဆိုးတွေ သက်သာခွင့် ကြုံပါလိမ့်မယ်။ ဘယ်သာသာဝင်မဆို လုပ်နိုင်ပါတယ်။ ပကာသနတော့ မပါပါစေနဲ့။

.

သောကြာ သားသမီးများ

သောကြာ သားသမီးများအတွက် ဒီလဟာ အကောင်း/အဆိုး သိပ်ပြီး ပြင်းပြင်းထန်ထန် မဖြစ်နိုင်ပါ။ သင့်တင့်လျှောက်ပတ် တဲ့ လ, ဖြစ်ပါလိမ့်မယ်။ စစ်ဘက်၊ စက်မှုလက်မှု၊ ဆေးဝါးဘက် ဆိုင်ရာမှာ လုပ်ကိုင်နေသူများတော့ ရာထူး၊ဂုဏ်ထူး တက်ပြီး အကောင်းအား များနိုင်ပါတယ်။ အချို့ သက္ခတ်ညံ့သူများ နာမည် ဂုဏ်သတင်း ထိခိုက်စရာ ကြုံနိုင်ပေမယ့် သိပ် အဆိုးကြီးလည်း မဟုတ်ပါ။ ခရီးတို သွားလာရမှု များတတ်ပါတယ်။ ငွေကြေးကိစ္စနဲ့ ပက်သက်ပြီး အရှုပ်အရှင်း ပြဿနာတွေ ၀င်နိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ သိပ်ပြီး အကောင်း/အဆိုး ထူးခြားမယ့် လ, မဟုတ်ပါဘူး။ သောကြာ သားသမီးများအတွက် ဒီလမှာ ဟောစရာ သိပ်မရှိပါ။

ယတြာပြုလုပ်လိုသူများအတွက် အိမ်ကဘုရားမှာဘဲ “သစ္စာပန်း” လှလှများကို ဝေဆာနေအောင် မပြတ်တန်း ကပ်လှူပေးပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် ဒီလိုဘဲ နေအိမ်ဧည့်ခန်းမှာ သစ္စာပန်းများ အလှထိုးထားပါ။

.

စနေ သားသမီးများ

စနေ သားသမီးများကတော့ ဒီလမှာ ထူးထူးခြားခြားအောင်မြင်တိုးတက်မှုတွေလည်း ရနိုင်တယ်။ ထူးထူးခြားခြား အညံ့ တွေလည်း ကြုံနိုင်တယ်။ အကောင်း/အဆိုးတွေ အားပြိုင်နေမယ့် လ, ဖြစ်တယ်။ သက္ခတ်ကောင်းရင်တော့ အကောင်း များလိမ့်မယ်။ သက္ခတ်ညံ့ရင်တော့ အဆိုးများလိမ့်မယ်။ ၀န်ထမ်းများ ရာထူး၊ လစာ တိုးတက်နိုင်တယ်။ ဂုဏ်ပြုချီးမွမ်း ခံရမှုများ ဖြစ်နိုင်တယ်။ နာမည်အလွန်ကျော်ကြားတတ်တယ်။ လူအများနှင့် ဆက်ဆံ လုပ်ကိုင်နေရသော လုပ်ငန်းများ၊ အနုပညာရှင်များ အထူးအောင်မြင်ကျော်ကြားမယ်။( ဒီလမှာ အကယ်ဒမီဆုများ ပေးခဲ့မယ်ဆိုရင် စနေသားသမီး(သို့) စနေနံနဲ့ မှည့်ထားတဲ့ သူများ အကယ်ဒမီဆုများ ရရှိနိုင်တယ်)။ ညံ့တာကတော့ ဒီလထဲမှာ ရန်အတိုက်အခိုက်များမယ်။ မလိုမုန်းထားသူတို့ လုပ်ကြံ နာမည်ဖျက်တာ ခံရမယ်။ အိမ်ထောင်ရေး ပဋိပက္ခတွေ ရှိနိုင်တယ်။ ဒီလမှာ စနေသားသမီးများ ဖြစ်တတ်တာကို ပထမဆုံး အကောင်းရှေ့ကလာပြီး နောက်က အဆိုးတွေ ကပ်ပါလာတတ်တယ်။ ကျန်းမာရေး ပြဿနာတော့ ထွေထွေထူးထူး မရှိပါ။ ဒါပေမယ့် စိတ်လှုပ်ရှားရမှု အလွန်များမယ့် လ, ဖြစ်ပါတယ်။ တစ်လလုံး စိတ်ဓာတ် တက်လိုက် , ကျလိုက် ဖြစ်နေတတ်ပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် စနေနေ့နံနက် (၁၀)နာရီဝန်းကျင်မှာ မိမိအိမ်မှာဘဲ ရှိတဲ့ဘုရားကို ရေသပ္ပါယ်ပေးပါ။ သောက်တော်ရေချမ်း မပြတ်ကပ်လှူပေးပါ။ မိမိ မလုပ်နိုင်လျှင် ကိုယ်စား လုပ်ပေးနိုင်ပါသည်။ ဒီတစ်လလုံး (၂)ကြိမ်ခန့် ပြုလုပ်ပေးပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ သောက်ရေသန့်ဗူး လှူဒါန်းခြင်းကို (မည်သူ့ကိုမဆို) ပြုလုပ်ပေးနိုင်ပါတယ်။

.

ရာဟု သားသမီးများ

ရာဟု သားသမီးများကတော့ ဒီလမှာ ဗုဒ္ဓဟူးသားသမီးများ ကောင်းသလိုဘဲ သူလည်း အတော်ကံကောင်းမယ့် လ, ဖြစ်ပါတယ်။ သက္ခတ်ကောင်းများမှာ ရောက်နေသူများ ဗုဒ္ဓဟူးသားသမီးများမှာ ခံစားရမယ့် အကျိုးများအတိုင်း ခံစားရပါလိမ့်မယ်။ သက္ခတ် ညံ့ရင်တော့ အဆိုး/အကောင်း ပုံမှန်လောက်ဘဲ ရှိနေပါမယ်။ နာမည်နဲ့ လုပ်စားနေသူများတော့ နာမည်အလွန်ကြီးမယ့် လ, ဖြစ်ပါတယ်။ နာမည်ကြီးမှု အပိုင်းမှာ ဗုဒ္ဓဟူးသားသမီးများထက် ပိုကောင်းပါတယ် ။ ရာထူး၊ ဂုဏ်ထူးများရရှိခြင်း၊ ဆုတံဆိပ်များ ရရှိခြင်း၊ ၀န်ထမ်းများ လစာနှင့် ရာထူးတိုးတက်ခြင်းများ ဖြစ်နိုင်ပါတယ်။ (ရာဟု သားသမီး အနုပညာရှင်များ ယခုလမှာ အကယ်ဒမီဆုများ မျှော်မှန်းနိုင်ပါတယ်)။ အိမ်မှာ အနားမနေရဘဲ အပြင်ထွက်ရမှု၊ ခရီးသွားလာရမှုများ အလွန်များနေမယ်။ အိုးအိမ်ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရွှေနဲ့ တန်ဖိုးကြီး သတ္တုများနှင့် ပက်သတ် တဲ့လုပ်ငန်းများ လုပ်ကိုင်နေသူများ အလွန် အကျိုးများမယ်။ လူထုဆက်သွယ်ရေးလုပ်ငန်းများ၊ သတင်း နှင့် စာနယ်ဇင်း လုပ်ငန်း လုပ်သူများ အထူးအကျိုးများမယ်။ ကျန်းမာရေးနဲ့ မတော်တဆ ထိခိုက်မှု ရှိနိုင်ပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် ဘုရားမှာ “အုန်းသီးစိပ်၊ အုန်းသီးဖျော်ရည်၊ အုန်းသီးနဲ့ လုပ်သော မုန့် များကိုသာ မကြာ ခဏ ကပ်လှူပေးပါ။ ရာဟုသားသမီးများ ယခုလမှာ “ဘုန်း,ကြီးလိုလျှင်၊ အုန်းသီးကိုသာ” ကပ်လှူပေးကြပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများ ကလေးငယ်များကို အုန်းသီးသကြားလုံးများ မကြာခဏ ဝေငှပေးပါ။ ကိုယ်တိုင်လည်း စားပါ။

.

မှတ်ချက်။             ။ အထက်ပါ (၇) ရက် သားသမီး ဟောကိန်းများသည် ယေဘူယျ သဘောသာ ဆောင်ယူပါသည်။ ပိုမိုအရေး ကြီးသည်မှာ မိမိရောက်ရှိနေသော “သက္ခတ်” (သက်ရောက်ကိန်း) အပေါ်တွင် မူတည်ပါသည်။ သက္ခတ် ကောင်းလျှင် ကောင်းကျိုးကို ပိုမိုခံစားရမည်ဖြစ်ပြီး ဆိုးကျိုးကို လျော့နည်းခံစားရမည်ဖြစ်ပါသည်။ သက္ခတ် ညံ့လျှင် ဆိုးကျိုးကို ပိုမိုခံစားရမည် ဖြစ်ပြီး ကောင်းကျိုးကို လျော့နည်း ခံစားရမည်ဖြစ်ပါသည်။ ထိုအချက်ကို သတိပြုပါ။

.

(၇)ရက်သားသမီးအားလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေသော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

ဝင်ရောက်ဖတ်ရှုသူပေါင်း=180
  • Share/Bookmark

Leave a comment


Comments RSS TrackBack 24 comments

Tweeter button Facebook button Technorati button Reddit button Myspace button Linkedin button Webonews button Delicious button Digg button Flickr button Stumbleupon button Newsvine button Youtube button