# ဗေဒင်အချုပ် မဟာဘုတ်
မဟာဘုတ်ဗေဒင်ဟာ အခုအချိန်အထိ သိထားရတဲ့ သမိုင်း အချက်အလက်တွေ အရတော့ “မြန်မာ့ရိုးရာ ဗေဒင်ပညာ” စစ်စစ် ဖြစ်ပါတယ်။ လက်ဆန်းဗေဒင် ပညာတွေလို့ လူသိများတဲ့ မဟာဘုတ်၊ အင်္ဂ၀ိဇ္ဇာ နဲ့ သုံးတန်ပေါ်နိစ် နဲ့ ဆန်းဗေဒင် တွေ ထဲမှာ “မဟာဘုတ်” ပညာနဲ့ “သုံးတန်ပေါ်နိစ်” တို့သာ မြန်မာ့မူ စစ်စစ်လို့ ပြောနိုင်စရာ ရှိပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ “အင်္ဂ၀ိဇ္ဇာပညာ” ကို တီထွင်ခဲ့သူလို့ အသိအမှတ် ပြုခံရတဲ့ “အတုလ ခင်ကြီးဖျော်” မမွေးခင်ကတည်း ရှိနေတဲ့ အိန္ဒိယ ဗေဒင်ကျမ်း တွေထဲမှာရော၊ အနောက်နိုင်ငံ ရှေးဟောင်း သင်္ချာဗေဒကျမ်း တွေမှာပါ – “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ၊ သောရီ . . . စတဲ့ “ဆပွတ်ရိုက်” သွားတဲ့ ဂြိုဟ်အစီအစဉ် နေရာချထားမှုတွေကို သွားတွေ့ရ ပါတယ်။ ဒါပေမယ့် သူတို့က တော့ ဆရာတော် “ခင်ကြီးဖျော်” လို အပေါ်တစ်လုံး/အောက်တစ်လုံး အစီအစဉ်နဲ့ ချ, သွားတာမျိုးတော့ မဟုတ်ဘူး။
အခု မြန်မာနိုင်ငံမှာ သုံးနေကြတဲ့ အင်္ဂ၀ိဇ္ဇာတိုင်ကတော့ ဆရာတော် “ခင်ကြီးဖျော်” ကိုယ်တိုင် ထပ်ဆင့် တီထွင်ခဲ့ပုံပေါ်ပါတယ်။ ပြောချင်တာက “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ . . . ဟာ မြန်မာ့မူ အစစ်မဟုတ်ပါဘူး ဆိုတာပါ။
ဒီလိုဘဲ မြန်မာနိုင်ငံမှာ လက်ဆန်းဗေဒင်ဆရာတွေ အလွန်ဂုဏ်ယူပါတယ်ဆိုတဲ့ “ဆန်းဗေဒင်” ပညာဟာ မြန်မာလူမျိုးက တီထွင်တာ မဟုတ်ဘဲ “သီဟိုဠ်” နိုင်ငံသား ဗေဒင်ပညာရှင်တစ်ဦးက တီထွင်ခဲ့တာလို့ ဆိုပါတယ်။ “သီဟိုဠ်” နိုင်ငံကို ပညာသွားသင်ကြတဲ့ ရဟန်းတော်တွေနဲ့အတူ ပါသွားတဲ့ “သုံးတန်ပေါ်နိစ်”ပညာ ကို သီဟိုဠ်နိုင်ငံသား ဗေဒင်ဆရာတစ်ဦးက ထပ်ဆင့် တီထွင်ပြီး “ဆန်းဗေဒင်” ပညာရယ်လို့ စတင် ပေါက်ဖွားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
“သရောဒယ” ပညာရဲ့ သမိုင်းကြောင်းကိုတော့ ကောင်းကောင်း မသိပေမယ့် အက္ခရာတွေကို နက္ခတ်တွေ ဖောက်ထွင်းမှု အပေါ်ကို မူတည်ထားတာဖြစ်လို့ သူလည်း “အိန္ဒိယနက္ခတ်ပညာ” နဲ့ မကင်းလောက်ဘူးလို့ ယူဆပါတယ်။ မြန်မာ့ရိုးရာ “အာယုစန်း” ဆိုတာကလည်း အိန္ဒိယ နက္ခတ်ဗေဒင်ပညာကို မြန်မာမှုပြုပြီး မွေးစားထားတာပါဘဲ။ “အယူတော်မင်္ဂလာ” လို့ ခေါ်တဲ့ နိမိတ်ကောက်ပညာ ဟာလည်း (ကောက်ပုံ အယူအဆမှာသာ ကွဲပြားကောင်း ကွဲပြားနိုင်ပေမယ့်) လူမျိုးတိုင်းလောက် နီးနီးမှာ ရှိပါတယ်။
ဒါကြောင့် မြန်မာ့ဗေဒင်ပညာစစ်စစ်လို့ ခေါ်နိုင်တာက “မဟာဘုတ်” နဲ့ “သုံးတန်ပေါ်နိစ်” သာ ရှိပါတော့တယ်။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာတစ်ခုက မြန်မာ့ပညာစစ်စစ်ဖြစ်တဲ့ မဟာဘုတ်ပညာကို “လက်ရိုးနက္ခတ်ပညာ” ရှင်တွေကို မပြောနဲ့ “လက်ဆန်း” ပညာရှင်တွေကတောင် သိပ်ပြီး တန်ဖိုးထား နေရာမပေးတာကို တွေ့နေရပါတယ်။
ကျွန်တော်ကိုယ်တိုင်တောင် တစ်ချိန်က “မဟာဘုတ်၊ မဟုတ်ပါ” လို့ ပြောခဲ့ဘူးပါတယ်။ အဲဒီတုန်းကတော့ “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” လောက်ဘဲ သိတာကိုး။ ဒါပေမယ့် အခုအချိန်မှာ မဟာဘုတ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာလေလေ၊ ဒီပညာရဲ့ နက်နဲကျယ်ပြန့်မှုကို အံ့မခန်း ဖြစ်လာလေလေပါဘဲ။

.
ကိုယ်မွေးတဲ့ မြန်မာခုနှစ်ကို (၇)နှစ်စားပြီး အကြွင်းကို “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” ချရုံလောက်နဲ့တော့ မဟာဘုတ်ပညာ ဟာ အထင်ကြီးစရာ မရှိသေးပါဘူး။ ဒါပေမယ့် နှစ်မဟာဘုတ်အပြင် – “လ, မဟာဘုတ်” ၊ နေ့, မဟာဘုတ် နဲ့ အချိန်, မဟာဘုတ် ဆိုတာတွေလည်း ရှိပါသေးတယ်။ ဒါတွေကို ဒေါက်တာဒဂုန် ရေးတဲ့ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာ” စာအုပ် အတွဲတွေထဲမှာ အသေးစိတ်ရေးထားပါတယ်။
“ဆရာကြီး ဒေါက်တာဒဂုန်” ဟာ တိမ်မြုတ် ပျောက်ကွယ်နေတဲ့ မဟာဘုတ်ပညာတွေကို ပြန်လည်ဖော်ထုတ်ရာမှာ အလွန်ပင် ကျေးဇူးများလှသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ စာရေးရတဲ့ အလုပ်တာဝန်တွေက များပြားလွန်းတော့ တိမ်မြုတ် နေတာတွေကိုသာ ပြန်လည် ဖော်ထုတ်ပေးနိုင်ပြီး ဆက်ပြီး သုတေသနပြုဖို့ အချိန်မရရှာပါဘူး။
ဒါကြောင့် ကျွန်တော်တို့လို သုတေသနစိတ်ဝင်စားတဲ့ ၀ါသနာရှင်တွေက ဒေါက်တာဒဂုန် ဖော်ထုတ်ခဲ့တဲ့ မဟာဘုတ်ပညာရဲ့ လျှို့ဝှက်ချက်တွေကို ဆက်ပြီးလိုက်ရပါတယ်။ ဒီလို ၀ါသနာရှင် သုတေသီတွေ အများအပြားရှိပါလိမ့်မယ်။ ကျွန်တော်လည်း ဒီအထဲမှာ တစ်ယောက် အပါအ၀င်ပေါ့။
K.P ပညာရှင် “ဆရာရန်အောင်ဟိန်း” တို့၊ ဆရာ “ဒလမင်းခေါင်” တို့၊ အထက်မြန်မာပြည်က “ဆရာမင်းသိမ်း” တို့၊ “သုတေသီ ကိုစိုးမိုးထွန်း” (ဝေသာလီမောင်ဖုန်း) တို့ဟာလည်း မြန်မာ့ရိုးရာ မဟာဘုတ်ပညာကို သူ့နည်းသူ့ဟန်နဲ့ သုတေသန ပြုခဲ့ကြပါ တယ်။ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ကြပါတယ်။
ကျွန်တော် မသိသေးတဲ့ ရွက်ပုန်းသီး ပညာရှင်တွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မဟာဘုတ်ပညာရဲ့လျှို့ဝှက်ချက်တွေ ကတော့ အကုန်အစင် မသိနိုင်ကြသေးဘူးခင်ဗျ။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရှိပုံခြင်းလည်း မတူညီကြပါဘူး။
ကျွန်တော်လည်း မဟာဘုတ်ပညာထဲမှာ (၁၀)နှစ် (၁၅)နှစ်လောက် မြုတ်နှံလေ့လာလိုက်ရင်းနဲ့ ကံအားလျှော်စွာ အတော်လေး ကို မှန်ကန်အောင် ဟောပြောနိုင်တဲ့ မဟာဘုတ်တွက်နည်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီမဟာဘုတ်တိုင်ကတော့ (၃)ထပ် မဟာဘုတ် လို့ ကိုယ့်ဟာကိုယ် နာမည်ပေးထားပါတယ်။ (၃)ထပ် မဟာဘုတ်လို့ဘာလို့ခေါ်လည်းဆိုတော့ မဟာဘုတ် အကွက်တစ်ခုမှာ ပုံမှန်အတိုင်း ဂြိုဟ် (၁)လုံးမဟုတ်ဘဲ (၃)လုံးစီ ဖြစ်နေလို့ပါ။ ဒီလို မဟာဘုတ်မျိုးတွေ့ဘူး ကြပါသလား? အောက်မှာ ကြည့်ပါ။
ဒီ မဟာဘုတ်ခွင်ကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၆)ရက်နေ့က “မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ” ခန့်မှန်းဖို့အတွက် တွက်ထားတဲ့ မဟာဘုတ်ခွင်ပါ။
ဒီမဟာဘုတ်မှာ ခွင်တစ်ခွင်ကို ဂြိုဟ် (၃)လုံးစီ ပါနေတာကို တွေ့ရပါလိမ့်မယ်။ (မဟာဘုတ်ကို နားလည်သူများကတော့ မဟာဘုတ်ခွင် (၃)ခုကို “ထပ်” ထားတာဆိုတာ သဘောပေါက်ပါလိမ့်မယ်)။
ဒီမဟာဘုတ်တွက်နည်းနဲ့ – လူတစ်ယောက်ရဲ့ တစ်ဘ၀လုံးကိုလည်း ဟောနိုင်တယ်။ တစ်နှစ်တာ ကာလကိုလည်း (ရက်အပိုင်းအခြားနဲ့)ဟောနိုင်တယ်။ တစ်လစာကာလ ကိုလည်း ဟောနိုင်တယ်။ တစ်ရက်တာ ကာလကိုလည်း ဟောနိုင်တယ်။ ပြဿနာ မေးခွန်း တွေကိုလည်း (ဟူးရားပုံစံ)နဲ့ ဟောနိုင် ပြောနိုင်ပါတယ်။ လိုရာသုံး၊ စွယ်စုံသုံးလို့ ရနိုင်တဲ့ နည်းလေးပါ။
စိတ်ဝင်စားသူများအတွက် ဒီနည်းဟာ ထီနံပါတ်လည်း တွက်ရတယ်။ ဘောလုံးပွဲလည်း ခန့်မှန်းလို့ရတယ်။ နိုင်ငံခြားမှာ ခေတ်စားနေတဲ့ စတော့ရှယ်ယာ ဈေးကွက်တွေကိုလည်း ခန့်မှန်းလို့ရပါတယ်။ သူခိုးနာမည်ကိုလည်း ဖော်လို့ရတယ်။ ကိုယ့်ရဲ့ အိမ်ထောင် ဘက်ဖြစ်လာမယ့်သူရဲ့ နာမည်ကိုလည်း မှန်းလို့ရတယ်။ ကိုယ့်ကို မကောင်းကြံနေတဲ့သူ (ရန်သူ) ရဲ့ နာမည် ကိုလည်း ဖော်ထုတ် လို့ ရပါတယ်။
ဒီမဟာဘုတ်အရ အဲဒီနေ့မှာ မဟာဘုတ် အပေါ်ဂြိုဟ် (၄)ခုဖြစ်တဲ့ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” တွေမှာ ကြာသပတေး၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူး နဲ့ အင်္ဂါတွေဟာ (၂)လုံးစီ ထပ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့က အကယ်ဒမီ ဆုပေးပွဲမှာ ဒီနေ့နံတွေ တွဲထားတဲ့ နာမည်ပိုင်ရှင်တွေဘဲ အကယ်ဒမီဆုကို အများဆုံး ဆွတ်ခူးသွားကြတာကို တွေ့ရပါလိမ့်မယ်။ အတွဲပိုင်ရှင်တွေဟာ နာမည် အရင်းလုံး နဲ့ အဖျားလုံးမှာ နေ့နံ (၂)လုံးစီကိုတော့ ပိုင်ဆိုင်ဖို့ လိုပါတယ်။
.
= မို့မို့မြင့်အောင် (၅+၁) အတွဲ
= ရဲအောင် (၄+၁) အတွဲ
= ပန်းသာ သန်းညွန့် (၅+၃) အတွဲ (ရုပ်ရှင်လောကထဲမှာ ဒီလိုဘဲ ခေါ်ကြတယ် ပြောပါတယ်၊ လက်တွေ့ခေါ်တဲ့ နာမည်တွေက ပိုပြီး အရေးကြီးပါတယ်၊ လူတစ်ယောက်ဟာ မှတ်ပုံတင်(စာ) ထဲမှာ နာမည်နဲ့ ၊ အပြင်မှာ လူခေါ်များတဲ့နာမည် နှစ်မျိုးကွဲနေရင် လူခေါ်များတဲ့ နာမည်အတိုင်း ကံအကျိုးပေးပါတယ်။ အစက ဒီလိုခေါ်မှန်း ကျွန်တော် မသိလို့ပါ။ နောက်မှ ရုပ်ရှင်မင်းသမီး တစ်ယောက်က အသိလှမ်းပေးလို့ သိရတာပါ)
= ခန့်စည်သူ (၂+၆) အတွဲ (သူ့ကိုတော့ “ကော်ကောင်” အတွဲလို့ခေါ်ပါတယ်။ ကျွန်တော့်နည်းမှာ (၁+၄) နဲ့ (၂+၆) အတွဲဟာ ဘင်္ဂ + မရဏ ဖြစ်ရင် အနုတ် (-) x(-) = (+) သင်္ချာသီအိုရီအရ “ကော်ကောင်” ထ,ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွဲက အမြဲမဖြစ်ဘူးခင်ဗျ။ ဖြစ်ခဲပါတယ်။
ဒါတွေက ဖြစ်နိုင်တဲ့ အတွဲတွေဖြစ်ရင် မဖြစ်နိုင်တဲ့ အတွဲတွေကရော ?
(1) ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ ညိနေရင် မကောင်းဘူး။ မဖြစ်နိုင်ဘူး။ ဖြစ်ခဲတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အောက်မှာ တစ်လုံး ညိပြီး နှစ်လုံးက အပေါ်ဖက်မှာ အားကောင်းနေရင်တော့ ထည့်စဉ်းစားရမယ်။
ဒါကြောင့် ခင်မို့မိုအေး ဟာ “ခင်” တစ်လုံးကလွဲရင် ကျန်(၃)လုံး “မို့မို့အေး” က အပေါ်ဖက်က (၅+၅+၁) အတွဲတွေဖြစ်နေပြီး ဒီ (၅+၅+၁) ဟာ အထွန်းမှာ ရပ်နေတဲ့ အတွဲဖြစ်နေတာကို သတိထားမိကြမယ်ထင်ပါတယ်။
(2) အပေါ်လုံးထက် အောက်လုံးက အားများနေလွန်းရင်တော့ ဖြစ်ဖို့ ခဲယဉ်းလွန်း လှပါတယ်။ (ဥပမာ- “နေတိုး” (၀+၀) က ပုတိ နှစ်လုံးတွဲ)
.
ဒီတော့ ကျွန်တော်က အဲဒီနေ့က နာမည်တွဲလုံးတွေက အပေါ် (၄)လုံးကို လှည့်ပတ်တွဲလိုက်တာပေါ့ခင်ဗျာ ။ အောက်လုံး “ပုတိ၊ ဘင်္ဂ၊ မရဏ” ကတော့ (၁+၄) နဲ့ (၂+၆) တွဲ လုံးကတော့ ချွင်းချက်ပေါ့ဗျာ။ ကျန်တာတွေက မရနိုင်ပါဘူး။ ဒါကြောင့် နာမည်ကြီးနေတဲ့ “ကျော်ရဲအောင်” တို့၊ “ထွန်းအိန္ဒြာဗို” တို့ကို ထည့်မထားတာပေါ့။
“ကျော်ရဲအောင်” (၂+၁) က “ဘင်္ဂ နဲ့ မရဏ” ကနေ “အထွန်း နဲ့ သိုက်” ကို လှမ်းချိတ်ထားတာ။
“ထွန်းအိန္ဒြာဗို” (၀+၅) က “ပက္ခတ်” အတွဲ နဲ့ ပုတိ+မရဏ အတွဲ။
.
ဒါကြောင့် “ဗေဒင်အချုပ်မဟာဘုတ်” ဆိုတာလို မဟာဘုတ်ပညာဟာ မြန်မာတို့ရဲ့ ရိုးရာဗေဒင်ပညာဖြစ်သလို မှန်ကန်မှု မှာလည်း (တကယ် နက်နက်ရှိုင်းရှိုင်း သိခဲ့ရင် နက္ခတ်ဗေဒင်ပညာထက် အောက်မကျကြောင်းကို တင်ပြလိုက် ရပါတယ်)။
ဒီလို မဟာဘုတ်ပညာကို အမွှန်းတင်လိုက်တော့ ကျွန်တော့်ကို “နက္ခတ်ဗေဒင်ပညာကို သိပ်မကျွမ်းဘူးထင်တယ်” ဆိုပြီး Comment ထဲမှာ “အဆော်ခံ” လိုက်ရသေးသဗျ။
ကျွန်တော် နက္ခတ်ဗေဒင်ပညာ သိပ်ကျွမ်းမကျွမ်းကို သိချင်ရင် “မက်ကိန်း နဲ့ အိုဘားမား ဘယ်သူနိုင်မလဲ အပိုင်း (၂)” နဲ့ “အာမက်ဒီနီဂျက်ဘဲ ပြန်နိုင်မှာပါ” တို့၊ “စပ်မိစပ်ရာ (၂၀၁၀)” တို့ကို ဖတ်ကြည့်ကြပါ။ ဒါတွေဟာ နက္ခတ်ဗေဒင်ပညာနဲ့ တွက်ချက်ပြီး ရေးထားတာတွေပါ။ ဖတ်လည်း ကြည့်ကြပါဦး။
စပ်မိစပ်ရာ (၂၀၁၀) ထဲမှာ ယခုနှစ် အတွက် သဘာဝဘေးဥပဒ် တွေထဲမှာ စိုးရိမ်စရာအကောင်းဆုံးက “ငလျှင်” ဘဲဖြစ်တယ်တို့ ဆိုတာ “ဟေတီငလျှင်ကြီး” မတိုင်ခင်က ကြိုပြောထားတာပါ။ ဒီလို သတ္တိရှိရှိနဲ့ (ဟောကိန်း ထုတ်တာမျိုး မဟုတ်တောင်မှ) ခန့်မှန်းရဲကြပါရဲ့လား။ ဆရာကြီးကာလာစန် လည်း ဟောထားတယ် ဆိုပေမယ့် ဆရာကြီး ယူဆပုံနဲ့ ကျွန်တော် ယူဆပုံခြင်း မတူညီပါ။ ဖတ်ကြည့်ပါ။
အထက်က မဟာဘုတ်တွက်နည်းလေး ဘယ်လိုတွက်တယ်ဆိုတာ သိချင်တဲ့သူတွေ ရှိရင်တော့ ခေတ္တသည်းခံ စောင့်ပေးပါ။ မကြာခင် ဖြန့်ဖြူးပေးသွားပါမယ်။ အခုတော့ အချိန်မတန်သေးဘူးလို့ ထင်လို့ပါ။ “ဗေဒင်အချုပ် မဟာဘုတ်” ဆိုတာ ရှေးခေတ် ဗေဒင်ပညာရှင်ကြီးတွေ အရမ်းပြောခဲ့တာ မဟုတ်ပါဘူး။ အကြောင်းရှိလို့ ပြောခဲ့ကြတာပါ။ ဒါကို ရှာကြည့်ပါ။ ရေဆုံးရေဖျား လိုက်ကြည့်ပါ။ အပေါ်ယံ အမြင်/အသိနဲ့ အဝေဖန် မစောပါနဲ့။ ကျွန်တော်ကတော့ ဆက်လိုက်တုန်းပါဘဲ။ မဆုံး သေးပါဘူးခင်ဗျား။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဝင်ရောက်ဖတ်ရှုသူပေါင်း=2351Date: February 10, 2010

