# မတ်လအတွက် (၇)နေ့ ဗေဒင်
ယခုဟောစာတမ်းများဟာ ၂၀၁၀ ခုနှစ် မတ်လ အတွက် ဖြစ်ပါတယ်။ ဒီလ,ဟာ (၇)ရက်သားသမီးများအတွက် ကောင်းအား/ဆိုးအား ပြင်းထန် မယ့် လ, လို့ ယူဆရပါတယ်။ ထူးခြားချက်က ယခင်လ, က လိုဘဲ “ကြာသပတေးသားသမီး” များဟာ ယခုလမှာ ကောင်းကျိုးများ ဆက်ပြီး ခံစားရဦးမယ့် ကံဇာတာ ရှိနေပါတယ်။ အညံ့ဆုံးဖြစ်တဲ့ “သောကြာ သားသမီး” များလည်း ဆက်ပြီး ညံ့ဖို့ အလားအလာ များပါတယ်။
(၇)ရက် သားသမီးများနဲ့ တိုက်ရိုက်ဆိုင်တယ်လို့ ပြောလို့မရ ပေမယ့် အရေးကြီးလို့ ပြောရမယ့် “ကိန်း”လေး တစ်ခုကတော့ ယခု (မတ်လ) ထဲမှာ မြန်မာနိုင်ငံမြို့ကြီးများမှာ “မီးဘေး အန္တရာယ်ကြီးများ” ကျရောက် နိုင်ဖွယ် ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် “သက္ခတ်” လည်း ညံ့၊ လစဉ် ဟောကိန်းမှာလည်း ညံ့ထားတဲ့ သူများ မီးဘေးကြိုတင်ကာကွယ်ဖို့နဲ့ “ မီး အာမခံ” များ ထားရှိ သင့်ကြောင့် အကြံဉာဏ် ပေးလို ပါတယ်။
မီးဘေး ကျရောက်ဖွယ်ရှိတဲ့ မြို့ကြီးများအနက် “တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ” နံတွေနဲ့ စ,တဲ့ မြို့ကြီးတွေ ပိုမို သတိထား ရပါမယ်။ ဒီနေ့နံတွေနဲ့ မစ,ရင်တောင်မှ ဒီနေ့နံ (၄)လုံးထဲက နေ့နံ (၂)လုံးပါဝင်နေတဲ့ မြို့ကြီးများ နှင့် ရပ်ကွက်များ ပိုမို သတိထားသင့်ပါတယ်။ ကျွန်တော့် ဟောကိန်းလည်း လွဲချင်လွဲမှာပေါ့။ လွဲကာမှ လွဲရော – “ကိန်း” ကတော့ ရှိနေတာမို့ ကြိုတင်သတိပေးထားရင် အကျိုးမယုတ် လောက်ဘူးလားဆိုပြီး ထည့်ပေးလိုက်ပါတယ်။ မှားတယ်ဆိုပြီး လှောင်ပြောင်တာကို ခံနိုင်ပါတယ်။ အလှောင်မခံချင်လို့ မရေးဘဲထားရင် သတိထား သင့်သူများ သတိမထားမိဘဲ ရှိမှာစိုးရိမ်လို့ပါ။ မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရအောင်လို့ပါ။ “သတိဆိုတာ ပိုတယ် မရှိဘူး” မဟုတ် ပါလား။
.
ယခုလ(မတ်လ)အတွက် ၇ ရက်သားသမီး ကံဇာတာ အကျဉ်းချုပ်
.
= ကြာသပတေးသားသမီး (အလွန်ပင် ကောင်း)
= တနင်္ဂနွေ၊ အင်္ဂါ သားသမီး (အလွန်ကောင်း၊ တာဝန်ကြီးမား၊ အတွင်းရန်,အပြင်ရန်များ)
= ရာဟု ၊ ဗုဒ္ဓဟူး သားသမီး (ကောင်း)
= တနင်္လာ ၊ စနေ သားသမီး (ညံ့)
= သောကြာ သားသမီး (အလွန် ညံ့) ဆိုပြီးတော့ တွေ့ရပါတယ်။
.
နောက်ပြီး နာမည် တွဲလုံးအရ ကောင်းကျိုး/ဆိုးကျိုး အထူးပြုနိုင်တဲ့ နာမည်အတွဲတွေကတော့ -
.
နာမည်တွဲလုံး အလိုက် ကံဇာတာ အဆိုး/အကောင်း
= ကြာသပတေး စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ကောင်း)
= တနင်္ဂနွေ စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အလွန်ကောင်း)
= အင်္ဂါ စ , ကြာသပတေး ဆုံး (သို့) ကြာသပတေး စ , အင်္ဂါ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ကောင်း)
= အင်္ဂါ စ , အင်္ဂါ ဆုံး နာမည်ပိုင်ရှင်များ (ကောင်းသော်လည်း၊ တာဝန်ကြီးမား၊ စိတ်ဖိစီး)
= တနင်္ဂနွေ စ , တနင်္ဂနွေ ဆုံး နာမည်ပိုင်ရှင်များ (အောင်မြင်ရေးကောင်း/ပြဿနာရှိ)
= ဗုဒ္ဓဟူး စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အလွန်ကောင်း)
= ကြာသပတေး စ , ဗုဒ္ဓဟူး ဆုံး နာမည်ပိုင်ရှင်များ (ကောင်း)
= ကြာသပတေး စ , စနေ ဆုံး (သို့) စနေ စ , ကြာသပတေး ဆုံး နာမည်ပိုင်ရှင်များ (အကောင်း/အညံ့ ဒွန်တွဲ)
= တနင်္လာ စ , အင်္ဂါ ဆုံး (သို့) အင်္ဂါ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ညံ့)
= တနင်္လာစ , သောကြာ ဆုံး (သို့) သောကြာ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ(ညံ့သည်ဟု ထင်နေရာမှ အကောင်းဖြစ်တတ်)
= တနင်္လာ စ , တနင်္လာ ဆုံး နာမည်ပိုင်ရှင်များ (အလွန် ညံ့)
= စနေ စ , စနေ ဆုံး နာမည်ပိုင်ရှင်များ (အလွန် ညံ့)
= သောကြာ စ , စနေ ဆုံး (သို့) စနေ စ , သောကြာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ညံ့)
= သောကြာ စ , သောကြာ ဆုံး နာမည်ပိုင်ရှင်များ (အလွန်ပင် ညံ့) ဆိုပြီးတော့ တွေ့ရပါတယ်။
မှတ်ချက်။ ။ အထက်ပါ နာမည်တွဲလုံးများတွင် မပါဝင်သော နာမည်ပိုင်ရှင်များ၏ အကောင်း/အဆိုးမှာ အစိမ်းရောင် ဖြင့် ပြထားသော (၇)ရက် သားသမီး အကောင်း/အဆိုးအတိုင်း ယူရမည်။ မွေးနံကောင်းပြီး နာမည်ညံ့လျှင် သော်၎င်း၊ နာမည် ညံ့ပြီး မွေးနံကောင်းလျှင်သော်၎င်း “အကောင်း/အဆိုး မျှ၍” ယူရမည်။
.
တနင်္ဂနွေ သားသမီးများ
တနင်္ဂနွေ သားသမီးများကတော့ ယခင်လ, အတိုင်းဘဲ ဆက်လက် ကံကောင်းနေပါမယ်။ ဒီလမှာ ယခင်လထက်ပင် ပိုမို ကံကောင်းနိုင်ပါတယ်။ အထူးဖြင့် ၀န်ထမ်းအလုပ် လုပ်ကိုင်သူများ ပိုမိုကံကောင်းနိုင်ပါတယ်။ “သက္ခတ်” ကောင်းများ အတွင်း ရောက်နေသူများ ရာထူး၊ လစာ တိုးတက်ကိန်းများ ရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူ များလည်း လုပ်ငန်းတိုးတက် ချဲ့ထွင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ငယ်ရွယ်သူများမှာ အချစ်ရေး အထူး အဆင်ပြေမယ်။ အိမ်ထောင်ရှိသူများလည်း အိမ်ထောင်ရေး ပြဿနာ ကြီးကြီးမားမား ဖြစ်စရာ မရှိပါ။ စာမေးပွဲဖြေမယ့် ကျောင်းသားများ အတွက်ကတော့ “အတိုင်းထက် အလွန်” ကောင်းပါလိမ့်မယ်။ စာမေးပွဲကို ချောချောမောမော ဖြေဆိုနိုင်ပါလိမ့်မယ်။ လုပ်ငန်းခွင် စာမေးပွဲ ဖြေဆိုမည့် သူများလည်း အခြေအနေ အလွန် ကောင်းနေပါတယ်။ နာမည်နဲ့ လုပ်စားသူများ နာမည်ကျော်ကြားမှု အထူးရှိနိုင်ပါတယ်။ ဒီလ, ထဲမှာ “မြေ” ၀င်ကိန်း ရှိပြီး ရှိလာ ရင် ၀ယ်ဖြစ်အောင် ၀ယ်ပါ။ နောင်တစ်ချိန်မှာ ဒီမြေကွက်က အလွန်အကျိုးပေးပါလိမ့်မယ်။
ယတြာပြုလိုသူများအတွက် ယခင်လ,အတိုင်း “ရွှေတိဂုံဘုရားက အောင်မြေ”ပေါ်မှာ မိမိနှစ်သက်ရာ ပုတီးစိတ်နည်း တစ်ပါတ် စိပ်လိုက်ပါ။ ကျန်ဒေသများမှာ နေထိုင်သူများ “ပြောင်းဖူးပေါက်ပေါက်ပွင့်” ကို တနင်္ဂနွေနေ့မှာ ဘုရားမှာ ကပ်လှူပြီး ကိုယ်လည်း စားပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများလည်း ပြောင်းဖူးပေါက်ပေါက်ကို ကလေးငယ်များလည်း ၀ယ်ကျွေး ကိုယ်တိုင် လည်း စားလိုက်ပါ။ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအတွက် စာမေးပွဲဖြေမသွားခင် “အုန်းသီးပေါင်မုန့်” တစ်လုံးကို ဘုရားကို လည်း ကပ်လှူ၊ ကိုယ်တိုင်လည်း စားသွားပါ။ ခရမ်းရောင် လက်ကိုင်ပုဝါ တစ်ထည်ကို ဆောင်သွားပါ။
.
တနင်္လာ သားသမီးများ
တနင်္လာ သားသမီးများကတော့ ယခင်လ, အတိုင်း ကျန်းမာရေး၊ အိမ်တွင်းရေး, အိမ်ထောင်ရေး ၊ ငွေရေးကြေးရေး များမှာ ပြဿနာများ ဆက်လက် ကြုံတွေ့ရဖွယ် ရှိနေပေမယ့် ယခုလ, မှာ အချို့သော တနင်္လာသားသမီးများမှာ ဆိုးနေတဲ့ အခြေအနေ ထဲကနေ အကောင်းကြုံပေါ်ထွက်လာတာမျိုး ကြုံတွေ့ရဖွယ် ရှိပါတယ်။ အထူးသဖြင့် နာမည်မှာ တနင်္လာ နဲ့ စ, ပြီး သောကြာ နဲ့ဆုံးသူ တော်တော်များများ အဆိုးထဲကနေ အကောင်းတွေ့ရတတ်ပါတယ်။ ဒီလထဲမှာ ငွေကြေး ချေးငှားခြင်း နဲ့ သူများ အတွက် အာမခံပေးခြင်းများ မလုပ်ပါနဲ့။ သူများအမှု ကိုယ့်ခေါင်းပေါ် ရောက်လာတတ်ပါတယ်။ ဒီလထဲမှာ “စကားအမှား” ဖြစ်တတ်လို့ ဖြစ်နိုင်ရင် စကားသိပ် များများ မပြောပါနဲ့။ သက္ခတ်အညံ့အတွင်း ရောက်နေသူများ “မီးဘေး အန္တရာယ် နှင့် လျှပ်စစ်အန္တရာယ်” အထူး သတိထားပါ။ စာမေးပွဲ ဖြေဆိုမည့်ကျောင်းသားများ ယခုလ နဲနဲ ညံ့ပါတယ်။ ပေါ့တတ်၊ လျှမ်းတတ်ပြီး မေးခွန်းတခြား/ အဖြေတခြား မှားယွင်းဖြေဆိုမိတတ်ပါတယ်။ “အတွက်” ဘာသာများထက် “အကျက်” ဘာသာများ ပိုမို သတိထားပါ။ မြန်မာစာ၊ အင်္ဂလိပ်စာ အထူးသတိထားပါ။
ယတြာ လုပ်လိုသူများအတွက် သီဟိုစေ့ (၁၅)စေ့ (သို့) ဟမ်ဘာဂါ တစ်ခြမ်းကို နေအိမ် ဘုရားမှာ ကပ်လှူလိုက်ပါ။ ကိုယ် မစားရပါ။ အခြားသူများအား စွန့်ကြဲနိုင်ပါသည်။ ဗုဒ္ဓဘာသာ မဟုတ်သူများအတွက် ဟမ်ဘာဂါ တစ်ချပ်ကိုဘဲဝယ်ပြီး ကလေးများ ကို ဝေငှကျွေးလိုက်ပါ။ စာမေးပွဲဖြေမည့် ကျောင်းသားများ (ဗုဒ္ဓဘာသာဖြစ်လျှင်) သရဏဂုံ (၃)ပါး ကို ပုတီးတစ်ပတ်စိပ်ပြီးမှ စာမေးပွဲသွားဖြေလိုက်ပါ။ စာမေးပွဲခန်းထဲမှာ စာမေ့နေလျှင် သရဏဂုံ(၃)ပါး “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ကို အကြိမ်ကြိမ် ရွတ်ဆိုပေးလျှင် မေ့နေသော စာများ ပြန်ပေါ်လာပါမည်။ နို့စိမ်းရောင် လက်ကိုင်ပုဝါတစ်ထည် ကို ဆောင်သွားပါ။
.
အင်္ဂါ သားသမီးများ
အင်္ဂါ သားသမီးများကတော့ ယခုလမှာတော့ အခြေအနေ အများကြီး တိုးတက်ကောင်းမွန်လာပြီလို့ ဆိုနိုင်ပါတယ်။ ယခင်လများ က ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းခဲ့သူများ ယခုလမှာ (ယခင်လထက် စာလျှင်) အနည်းငယ် အနားယူရန် အခွင့်အလမ်းများ ရရှိ လာနိုင်ပါတယ်။ ဒါပေမယ့် မယူမဖြစ်တဲ့ တာဝန်များကိုတော့ ဆက်ယူနေရဦးမယ်။ အချို့ အင်္ဂါသားသမီးများ ယခုလမှာ “ထီ ပေါက်ခြင်း၊ ငွေစုငွေပုံများရရှိခြင်း“ များဖြစ်နိုင်တယ်။ လူမျိုးခြား၊ဘာသာခြား အကျိုးပြုမယ်။ အသက်ကြီးသူ တစ်ဦးဦးက မ,စ ကူညီလိမ့်မယ်။ သက္ခတ်အညံ့များတွင် ရောက်နေသူများ “မီးဘေး” အန္တရာယ် ဂရုပြုပါ။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စများ ကံကောင်းမယ်။ စိတ်ချမ်းသာမှု ရရှိနိုင်မယ်။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ စိတ်ဖိစီးမှု၊ ပူပင်ကြောင့်ကြမှု များတတ်ပြီး ကျန်းမာရေး အနည်းငယ် အားနည်းတတ်ပါတယ်။ စာမေးပွဲကတော့ ချောချောမောမော အောင်မြင်ဖို့ အခွင့်အလမ်း များနေ ပါတယ်။ “အကျက်” ဘာသာများထက်၊ “အတွက်” ဘာသာများကို ပိုမိုဂရုစိုက်ပါ။ ဒါတောင်မှ “အင်္ဂလိပ်ဘာသာ” မှာ အားနည်း နေတတ်ပါတယ်။
ယတြာပြုလိုသူများအတွက် နာနတ်သီး ဖြစ်စေ၊ နာနတ်သီးဖျော်ရည်ကို ဖြစ်စေ ဘုရားမှာ ကပ်လှူလိုက်ပါ။ ဗုဒ္ဓဘာသာ မဟုတ် သူများ ကိုယ့် “နှမ်းမနဲ” (သို့မဟုတ်) “နှမ်းနဲ့လုပ်ထားသောမုန့်” ကို ကလေးတစ်ဦးအား ကုသိုလ်ပြု ကျွေးမွေးလိုက်ပါ။ စာမေးပွဲ ဖြေမည့် ကျောင်းသားများအတွက် ဘုရားမှာ “နာနတ်သီး” ကပ်လှူပါ။ ထို့နောက် “ဆန္ဒ ၀တော ကိံ နာမကမ္မံ န သဇ္ဈတိ” ဆိုတဲ့ စာကြောင်းကို (၆)လက်မ ပတ်လည်ရှိတဲ့ စာရွက်ဖြူတစ်ရွက်မှာ (၉)ကြောင်း ရေးပြီး ဖရောင်းတိုင်တစ်တိုင်မှာ ပတ်ချည်လိုက်ပါ။ စာမေးပွဲ ဖြေဆိုမည့် နံနက်မှာ (စာမေးပွဲဖြေနေသည့်အချိန်တွင် အိမ်မှ မိဘများက ဘုရားမှာ မီးပူဇော်ပေးပါ) ဖြေဆိုမည့် နေ့တိုင်း လုပ်ရပါမည်။ နက်ပြာရောင် လက်ကိုင်ပုဝါ တစ်ထည်ကို ဆောင်သွားပါ။
.
ဗုဒ္ဓဟူး သားသမီးများ
ဗုဒ္ဓဟူး သားသမီးများကတော့ ယခင်လ, ကလို ကောင်းနိုင်ပေမယ့် ယခုလမှာ တာဝန်ဝတ္တရားများ၊ စိတ်ဖိစီးမှုများ၊ ပူပင်သောက များ ပိုမိုများပြားလိမ့်မယ်။ အလုပ်သစ် အကိုင်သစ်များ စ,တင်ရန် ကြံရွယ်ထားသူများ ယခုလမှာ အကောင်အထည်ဖော်ဖြစ်မယ်။ သက္ခတ်ကောင်းများအတွင်း ရောက်နေသူများ ရာထူး၊ အလုပ်၊ လစာ တိုးတက်ကိန်းများ ရှိတယ်။ တနင်္ဂနွေ သက္ခတ်များအတွင်း ရောက်ရှိနေသူများ “အိုးသစ်၊ အိမ်သစ် ၀င်ကိန်း” ရှိတယ်။ အကြီးအကဲ၊ အထက်လူကြီး မ, စ မှုကို ရရှိမယ်။ ၀န်ထမ်းလုပ်သူများ ပိုမို အကျိုးကျေးဇူးများမယ်။ စစ်ဘက် နဲ့ အုပ်ချုပ်ရေးဘက်များမှာ လုပ်ကိုင်နေသူများ ရာထူးအလွန်တက်နိုင်ဖွယ် ရှိတဲ့ လ, ဖြစ်ပါတယ်။ အိမ်ထောင်ပြုရန် ကြံရွယ်နေသူများ အိမ်ထောင် ကျနိုင်တယ်။ အိမ်ထောင်ကျပြီးသူများ အိမ်တွင်းရေး ကတောက် ကဆ ဖြစ်နိုင်ဖွယ်ရှိပေမယ့် အားသိပ်မပြင်း လှပါ။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ အလွန်ကံကောင်းတဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါတယ်။ မိမိရည်မှန်းသလောက်၊ ကြိုးစားသလောက် အောင်မြင်ပေါက်မြောက်မယ့် နှစ်ဖြစ်ပါတယ်။ သူများတွေ မဖြေ နိုင်တဲ့ ဘာသာတွေကို ပိုပြီး ဖြေဆိုနိုင်ဖွယ် ရှိပါတယ်။
ယတြာပြုလိုသူများအတွက် “အုန်းသီးနဲ့ လုပ်ထားတဲ့ ကရေကရာမုန့်” ကို ဘုရားမှာ မကြာခဏ ကပ်လှူပေးပါ။ “ကရေကရာ” မုန့်မရှိတဲ့အရပ်များမှာ “အုန်းသီးနဲ့ လုပ်ထားတဲ့မုန့်” တစ်မျိုးမျိုးကိုဘဲ ကပ်လှူပေးပါ။ စာမေးပွဲဖြေမည့် ကျောင်းသားများ စာမေးပွဲမဖြေခင် “အရဟံ” ဂုဏ်တော်တစ်မျိုးထဲကို ပုတီးတစ်ပတ်စိပ်ပြီးမှ သွားဖြေပါ။ လိမ္မော်ရောင် လက်ကိုင်ပုဝါ တစ်ထည် ကို ဆောင်သွားပါ။
.
ကြာသပတေး သားသမီးများ
ကြာသပတေး သားသမီးများအတွက် ယခင်လ, က အတိုင်း ဆက်တိုက် အောင်ပွဲခံနိုင်တဲ့ လ, ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ ဆက်လက် ရရှိနေဦးမယ်။ အချို့ ကြာသပတေးသားသမီးများဆိုရင် ယခင်လ, ကထက်ပင် ပိုမို ကံကောင်းနိုင်ဖွယ် ရှိပါတယ်။ အိုးသစ်အိမ်သစ်ဝင်ခြင်း၊ အလုပ်သစ်အကိုင်သစ် ရရှိခြင်း၊ လက်ရှိအလုပ်ကို တိုးတက်ချဲ့ထွင်ရခြင်း၊ အလုပ်မပြောင်းရွှေ့လိုသူများ လက်ရှိအလုပ်မှာပင် ဆက်လက်တည်မြဲနိုင်ခြင်း၊ အကြီးအကဲ ဆရာသမားများ၏ မျက်နှာပေးမှုကို ရရှိခြင်း၊ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေခြင်း၊ အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ အိမ်ထောင်ပြုရခြင်းများ ကြုံရဖွယ် ရှိပါတယ်။ သက္ခတ်ကောင်းများ အတွင်း ရောက်ရှိနေသူများ ယခုလထဲမှာ လုပ်ငန်းသစ်တည်ထောင်ခြင်း နှင့် လုပ်ငန်းတိုးတက်ချဲ့ထွင်ခြင်း များသည် အလွန်တိုးတက် အောင်မြင်မှုများကို ဆက်တိုက်ရရှိပါလိမ့်မယ်။ ငွေကြေးကံလည်း အလွန်ကောင်းမွန်နေတတ်ပါတယ်။ စာမေးပွဲဖြေမယ့် ကျောင်းသားများအနက် ယခုလမှာ ကြာသပတေးသားသမီများဟာ ကံအကောင်းဆုံး အနေအထားမှာ ရှိပါ တယ်။ ကြိုးစားသလောက် အောင်မြင်မယ်။ ချောချောမောမော ဖြေဆိုနိုင်မယ်။ ကိုယ့်ရဲ့ မှတ်ဉာဏ်ဟာ အကောင်းဆုံး အနေ အထားမှာ ရှိနေမယ်။
ယတြာပြုလုပ်လိုသူများအတွက် (ဒီလမှာ ဗုဒ္ဓဘာသာဝင်များအတွက်) မိမိနေအိမ်ဘုရားမှာ “အောင်သပြေ” ပန်းကို မပြတ် ကပ်လှူ ထားပါ။ ရန်ကုန်မြို့မှာ နေထိုင်သူများ “ရွှေတိဂုံဘုရား အောင်မြေ” ကို သွားနင်းပါ။ မိမိနေအိမ်ဘုရားကို “အနေကဇာ တင်ခြင်း” များ ပြုလုပ်ပေးပါ။ စာမေးပွဲဖြေမည့် ကျောင်းသားများ “အိုမင်းနေပြီဖြစ်တဲ့ ဘုန်းတော်ကြီးတစ်ပါး” ကို အုန်းထမင်း နဲ့ ကြက်သားကို ကပ်လှူပူဇော် ဒါနပြုပေးပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ “ကြက်သား အုန်းထမင်း” ကို ကိုယ်တိုင်လည်း စားပါး။ အခြားသူများလည်း ဒါနပြုပေးပါ။
.
သောကြာ သားသမီးများ
သောကြာ သားသမီးများအတွက် ဒီလဟာ ယခင်လ, ကအတိုင်း ဆက်ပြီး ညံ့နေနိုင်ပါတယ်။ ပြောရမယ် ဆိုရင် သောကြာသား သမီးများဟာ ယခုနှစ်မြန်မာသက္ကရာဇ် မကုန်မှီ (သင်္ကြန်ကျပြီး မြန်မာနှစ်ဆန်းတစ်ရက် မတိုင်မှီ) ကာလတွေဟာ ခက်ခက်ခဲခဲ ဖြတ်သန်းရမယ့် ကာလတွေဖြစ်ပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက် ကျော်လွန်သွားရင်တော့ သောကြာသားသမီး အတော် များများဟာ အောင်မြင်ကျော်ကြားပြီး တိုးတက်ထွန်းကားကြပါလိမ့်မယ်။ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ကြပါလိမ့်မယ်။ ဒီကာလ မတိုင်ခင် အတွင်းမှာတော့ သွားသတိ၊ စားသတိ ဆိုတာ လိုပါဘဲ။ သက္ခတ် အညံ့များရောက်နေသူများ “ကျန်းမာရေး နဲ့ ရန်သူ” များကို သတိထားပါ။ မိမိအလုပ်အကိုင်ဟာ ရန်သူ များတဲ့ လုပ်ငန်းဖြစ်ရင် ဒီလ, ထဲမှာ ကိုယ့်ကို မကောင်းကြံမယ့် ရန်သူများဘက်က အရေးသာနေတာကို သတိပြုပါ။ ခရီးသိပ် မထွက်ဘဲ အိမ်မှာဘဲ ဘုရားတရားကို များများလုပ်ပေးပါ။ စာမေးပွဲ ဖြေဆိုမည် ကျောင်းသားများလည်း ယခုလ အညံ့ရှိပါတယ်။ ဖြစ်တတ်တာက ကိုယ့်ကိုယ်ကို အရမ်းဖြေနိုင်တယ် ထင်ပြီး အောင်စာရင်းထွက်လာမှ ကိုယ်ထင်သလောက် မဖြစ်တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။
ယတြာပြုလုပ်လိုသူများအတွက် သရက်သီးသနပ် “ရယ်ဒီမိတ်” အထုပ်များကို ၀ယ်ပြီး ဘုရား နှင့် သံဃာများကို မကြာခဏ လောင်းလှူပေးပါ။ အိမ်ကဘုရားမှာ “သောက်တော်ရေချမ်း” (၁၁)ခွက် ကို နေ့စဉ်ကပ်လှူပြီး မီး (၁၁)ပါး ငြိမ်းအောင် ဆုတောင်း ပေးပါ။ စာမေးပွဲဖြေမည့် ကျောင်းသားများ ပထမဆုံး စာမေးပွဲဖြေမည့်နေ့မှာ “သက်သတ်လွတ်” စားပြီး စာမေးပွဲဖြေပါ။ စာမေးပွဲ ရက်အားလုံးမှာ စားနိုင်ရင် ပိုကောင်းပါတယ်။ စာမေးပွဲမဖြေမှီ ဂုဏ်တော်ကိုးပါးထဲက “သုဂတော” ကို ပုတီးတစ်ပတ်စိတ်ပြီးမှ သွားဖြေပါ။ မိုးပြာရောင် (သို့) ပန်းနုရောင် လက်ကိုင်ပုဝါတစ်ထည် ဆောင်သွားပါ။
.
စနေ သားသမီးများ
စနေ သားသမီးများကတော့ ဒီလနဲ့ပါဆိုရင် မကောင်းတာ (၃)လ တောင်မှ ရှိလာပြီလို့ ပြောနိုင်ပါတယ်။ ဒီလမှာ စနေသားသမီး တွေအနက် သက္ခတ်ကောင်းများမှာ ရောက်နေရင် အရမ်းလွှတ်ကောင်းနိုင်တယ်။ သက္ခတ်ညံ့များမှာ ရောက်နေရင် အရမ်းလွှတ် ဆိုးနိုင်တယ်။ ကောင်းအား/ဆိုးအား ရောထွေးနေပြီး ပြင်းထန်နိုင်တယ်။ နာမည်နဲ့ လုပ်စားနေသူများနဲ့ အနုပညာနဲ့ လုပ်စား နေသူများ နာမည်ပျက်ကိန်း ရှိတယ်။ မဟုတ်က ဟုတ်က မကောင်းသတင်း လုပ်ကြံဖန်တီးတာကို ခံရနိုင်တယ်။ အရှက်ရစရာ၊ အရှက်ကွဲစရာတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး ရှုတ်ထွေးပွေလီမှုတွေ ကြုံရနိုင်တယ်။ ကိုယ့်မှာ လျှို့ဝှက်ရန်သူ ရှိနေတတ်တယ်။ သတိထားပါ။ ကျန်းမာရေးလည်း တစ်ခုပြီး တစ်ခု ဖြစ်နေတတ်တယ်။ စနေသက္ခတ်များအတွင်း ရောက်နေတဲ့ စနေသားသမီးများ အထူးညံ့ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲစရာ ကြုံမယ်။ အသဲကွဲကိန်း ရှိပါတယ်။ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများလည်း စာကျက်ဖို့ အာရုံစူးစိုက်မရ ဖြစ်နေမယ်။ စိတ်လေ နေမယ်။ အလိုလိုနေရင်း စိတ်ဓာတ်ကျနေတတ်မယ်။ ပညာရေး အညံ့ရှိပါတယ်။
ယတြာပြုလုပ်လိုသူများအတွက် ဘုရားမှာ ဒူးရင်းသီးဖြစ်စေ၊ ဒူးရင်းယို ဖြစ်စေ၊ ဒူးရင်း အချိုရည်ဖြစ်စေ မကြာခဏ ကပ်လှူပေးပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ ကလေးငယ်များကို ဒူးရင်းသီးသကြားလုံးများ မကြာခဏ ဝေငှပေးပါ။ စာမေးပွဲဖြေမည့် ကျောင်းသား များ စာမေးပွဲဖြေမည့် နံနက်တွင် ဒန့်ဒလွန်သီးဟင်းချို နှင့် မတ်ပဲ ဘယာကြော်ကို အိမ်ရှိဘုရားတွင် ဆွမ်းကပ်ပြီးမှ ဖြေဆိုပါ။ မိမိလည်း မတ်ပဲ ဘယာကြော်နှင့် ထမင်းစားသွားပါ။ ဖက်ဖူးရောင် လက်ကိုင်ပုဝါ တစ်ထည်ကို ဆောင်သွားပါ။
.
ရာဟု သားသမီးများ
ရာဟု သားသမီးများကတော့ ဒီလမှာ ဗုဒ္ဓဟူးသားသမီးများအတိုင်း ကံတရားခြင်း ဆင်တူလိမ့်မယ်။ ဒါပေမယ့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ပိုမိုရှုတ်ထွေး တတ်ပါတယ်။ စန်းပွင့်နေမယ်။ “စုတ်အား” အထူးကောင်းနေမယ်။ လူမျိုးခြား၊ ဘာသာခြား ဆန့်ကျင်ဘက်လိင်ရဲ့ ဒုက္ခပေးမှုကို ခံရတတ်ပြီး အိမ်ထောင်ရှိသူများ သတိပြုပါ။ လက်ထက်ထိမ်းမြားဖို့ ကြံရွယ် နေသူများ အထ, မြောက်မယ်။ အိုးသစ် အိမ်သစ်၊ အလုပ်သစ် အကိုင်သစ်၊ အိမ်ထောင်ကျခြင်း၊ ရာထူးတက်ခြင်း၊ အိုးအိမ် ပြင်ဆင်မွမ်းမံရခြင်း များ တစ်ခုမဟုတ် တစ်ခုဖြစ်လိမ့်မယ်။ အိုးအိမ် အဆောင်အဦး နဲ့ ပတ်သက်ပြီး အထူးကံကောင်းမယ်။ “ရွှေထည်ပစ္စည်း” ၀င်ကိန်းရှိပြီး ရွှေလုပ်ငန်းများနှင့် ဆက်နွယ်သော လုပ်ငန်းများ လုပ်နေလျှင် အထူးကံကောင်းနိုင်ပါတယ်။ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ ပညာရေး အရေးကြီးနေချိန်မှာ အချစ်ရေး ပြဿနာက တမှောင့် ဖြစ်နိုင်လို့ သတိထားပါ။ ပညာရေးအပေါ်မှာ အာရုံစူးစိုက်မှု နည်းရင် ပညာရေးအတွက် အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
ယတြာပြုလုပ်လိုသူများအတွက် တန်ခိုးကြီးဘုရားတစ်ဆူဆူမှာ “ရွှေဆိုင်းသင်္ကန်း” ကိုယ်နိုင်သလောက် ကပ်လှူပေးပါ။ မိမိအိမ်က ဘုရားမှာ “ရွှေပန်း၊ ငွေပန်း” များ မကြာခဏ ကပ်လှူပေးပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ “ရွှေရောင်ရှိတဲ့ အရာဝတ္တုတစ်ခု” ကို ကိုယ့်အလုပ်စားပွဲမှာ ထားပေးပါ။ စာမေးပွဲဖြေမည့် ကျောင်းသားများ စာမေးပွဲမဖြေခင် မိမိအဖြေစာရွက်ရဲ့ စာမျက်နှာထိပ်မှာ “အဝေရာ၊ ဘေးမရှိ” ဆိုတဲ့ စာကြောင်းလေးကို (ခဲတံနဲ့) ရေးပြီးမှ စာမေးပွဲဖြေပါ။ ဖြေပြီးမှ ခဲဖျက်ဖြင့် ပြန်ဖျက်လိုက်ပါ။
.
မှတ်ချက်။ ။ အထက်ပါ (၇) ရက် သားသမီး ဟောကိန်းများသည် ယေဘူယျ သဘောသာ ဆောင်ယူပါသည်။ ပိုမိုအရေး ကြီးသည်မှာ မိမိရောက်ရှိနေသော “သက္ခတ်” (သက်ရောက်ကိန်း) အပေါ်တွင် မူတည်ပါသည်။ သက္ခတ် ကောင်းလျှင် ကောင်းကျိုးကို ပိုမိုခံစားရမည်ဖြစ်ပြီး ဆိုးကျိုးကို လျော့နည်းခံစားရမည်ဖြစ်ပါသည်။ သက္ခတ် ညံ့လျှင် ဆိုးကျိုးကို ပိုမိုခံစားရမည် ဖြစ်ပြီး ကောင်းကျိုးကို လျော့နည်း ခံစားရမည်ဖြစ်ပါသည်။ ထိုအချက်ကို သတိပြုပါ။
.
(၇)ရက်သားသမီးအားလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဝင်ရောက်ဖတ်ရှုသူပေါင်း=1018Date: February 28, 2010