# ဟေတီ ငလျှင် နှင့် ဆရာကြီး ကာလာစန်
.
ကာရစ်ဘီယံ ကျွန်းစုနိုင်ငံတွေထဲမှာ ပါဝင်တဲ့ “ဟေတီ” နိုင်ငံမှာ အခုပြီးခဲ့တဲ့ ဇန်န၀ါရီ (၁၂)ရက်နေ့မှာ ပြင်းအားအဆင့် (၇) ကျော်တဲ့ ငလျှင်ကြီး လှုပ်ခတ်သွားခဲ့ပါပြီ။ လူအသေအပျောက် စာရင်းမကောက်နိုင်လောက်အောင် ကသောင်းကနင်းတွေ ဖြစ်နေတာမို့ ဒီကနေ့ (၁၇)ရက်နေ့ကျမှ လူအသေအပျောက်ကို (အနီးစပ်ဆုံး) ခန့်မှန်းနိုင်ပါတော့တယ်။ အနည်းဆုံး လူငါးသောင်း အထက်မှာ သေကြေပျက်စီးဖွယ် ရှိနေပါတယ်။ ကပ်ဘေးဒုက္ခတွေရဲ့ ထုံးစံအတိုင်း လူအသေအပျောက်စာရင်းဟာ ဒီထက် တိုးလာဖွယ် ရှိပါတယ်။ (ဒီဆောင်းပါးရေးပြီး နောက်ထပ် ၆နာရီအကြာမှာ သိရတဲ့သတင်းအရ လူဦးရေ သေဆုံးမှုဟာ ၂-သိန်း အထိ ရှိနိုင်တယ် လို့ သိရပါတယ်)
“နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း” ဆိုသလို ဟေတီနိုင်ငံဟာ မနှစ်ကမှ မုန်တိုင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့လို့မှ မပြီးသေးဘူး အခု ကြောက်စရာကောင်းတဲ့ ငလျှင်ကြီးက ထပ်ဆင့်လာတာဟာ လူတွေရဲ့ ကံကြမ္မာကိုက နိမ့်လွန်းလို့လား၊ ကမ္ဘာကြီးဘဲ ပျက်စီးချိန် နီးလာလို့ ဘဲလား ဆိုတာ မပြောတတ်တော့ပါဘူးဗျာ။ ကမ္ဘာကြီးရဲ့ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာတဲ့ ရာသီဥတု ဖောက်ပြန်မှုဟာ ဒီအတိုင်းဆို အတော်ကြီးကို သတိပြုရမယ့် အနေအထားကို ရောက်နေပါပြီ။
ဒီငလျှင်ကြီးကို လှုပ်မယ့် နေရာဒေသ အနီးစပ်ဆုံးရော၊ လှုပ်မယ့် လ,ပိုင်းရော တိတိကျကျ ခန့်မှန်းနိုင်ခဲ့သူကတော့ “ဆရာကြီး ကာလာစန်” ဖြစ်ပါတယ်။ ဆရာကြီးကာလာစန်ဟာ ကျွန်တော့်ရဲ့ဗေဒင်ပညာသင်ဘ၀ ဖြတ်သန်းလာရတဲ့ ခရီးတစ်လျှောက်၊ တွေ့ဘူးသမျှ နက္ခတ်ဗေဒင်ပညာရှင်များမှာတော့ “ပညာအရာမှာလည်း အတော်ဆုံး၊ စိတ်သဘောထားအရာမှာလည်း အပြည့်ဝဆုံး” ဆရာကြီးတစ်ယောက်ပါ။
.
သူ့ကို ကြည့်လိုက်ရင် တကယ့်ပညာရှင်ကြီးလို့ မထင်ရအောင် အနေအထိုင် ရိုးသားလှပါတယ်။ အပြောအဆို သိမ်မွေ့လှပါ တယ်။ များများသိပြီး နည်းနည်းသာ ပြောသူပါ။ နည်းနည်းသိပြီး များများပြောနေကြတဲ့ သူတွေနဲ့ မိုး နဲ့ မြေ လို ကွာခြားလှပါ တယ် ။ “ဂဏှိတ” လို့ခေါ်တဲ့ “ဗေဒင် သင်္ချာတွက်ရိုးအရာမှာတော့” ဆရာကြီးကို ယှဉ်နိုင်သူ ရှိမယ် မထင်ပါဘူး။ ဒီလို တကယ် တတ်တယ် မတတ်ဘူးဆိုတာ ကျွန်တော်တို့ ဗေဒင်လောကသားထဲက လူတွေဘဲ သိပါလိမ့်မယ်။ ဂျာနယ်လစ် တွေကတော့ နာမည်တောင် ကြားဖူးမယ် မထင်ပါဘူး။
ဂျာနယ်လစ်များကို တိုက်တွန်းချင်တာက နက္ခတ်ဗေဒင်အကြောင်း သတင်းများ ရေးချင်ကြရင် တကယ့်ပညာရှင် အစစ်တွေ အများကြီး ရှိပါတယ်။ နဲနဲလည်း စုံစမ်းကြပါဦး။ တစ်ခါလာ နေကြတ် , လကြတ် နဲ့ အပ်ကြောင်းထပ်နေတဲ့ ကိစ္စတွေကိုလည်း စာဖတ်သူတွေ ငြီးငွေ့လှပါပြီ ။ အသစ်အဆန်းလေးတွေလည်း လုပ်ကြပါဦး ဟရို့။
ဆရာကြီး ကာလာစန်၊ ဆရာကြီး ဒေါက်တာဒဂုန်၊ ဆရာဦးမြကြီး၊ ဆရာဦးဘုန်းကြူဖေ ၊ ဆရာကြီးဦးမြတ်အောင်(သစ်တော)၊ ဆရာကြီး ဦးမြင့်သွင်(R.A) ၊ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့က ဆရာကြီး ဒေါက်တာကံညွန့်၊ ဆရာဦးကျော်မြင့်၊ ဆရာဦးသန်းဌေး၊ ဆရာဦးခင်အောင်ဗိုလ် စတဲ့ တကယ့်ပညာရှင်ကြီးတွေ ရှိပါတယ်ဗျာ။ သူတို့လည်း သွား “ဗျူး” ကြပါဦး။ ဒါက ရန်ကုန်က စာရင်းပါ။ အထက်မြန်မာပြည် မန္တလေးမှာ ဆိုရင်တော့ ပညာရှင်ကြီးတွေ ပေါမှ ပေါဘဲ။
နှစ်စဉ် နှစ်တိုင်း ထုတ်ဝေတဲ့ ဆရာကြီးကာလာစန်ရဲ့ “သံဒိဌာန် ပြက္ခဒိန်” တွေကတော့ ကျွန်တော်တို့ နက္ခတ်ပညာ လေ့လာနေသူများ အတွက် မ၀ယ်မဖြစ် ၀ယ်ယူရတဲ့ အဖိုးတန် စာအုပ်တွေပါ။ (2010)ခုနှစ် ဆရာကြီးရဲ့ စာအုပ်ထဲမှာ ဒီနှစ် (၂၀၁၀)အတွင်း ငလျှင်ကြီးတွေ လှုပ်နိုင်တယ်ဆိုတာ နက္ခတ်ဗေဒင်ရှုထောင့်ကနေ ကျကျနနကြီး တင်ပြထားပါတယ်။ ဘာမှ ငြင်းနိုင်စရာ အကွက်မရှိပါဘူး။ ဆရာကြီးရဲ့ စာအုပ်တွေကြောင့် ကိုယ်မသိသေးတာတွေ တစ်နှစ်ထက် တစ်နှစ် ပိုပြီး သိ,သိ လာရပါတယ်။
အခုလှုပ်သွားတဲ့ နေရာကလည်း ဆရာကြီး ခန့်မှန်းထားတဲ့ နေရာတ၀ိုက်ပါဘဲ။ လှုပ်တဲ့လကလည်း ဇန်န၀ါရီလ အဖြစ်နိုင်ဆုံး လို့ကို ရေးထားပါတယ်။ မယုံရင် “ပညာအလင်းပြ” စာအုပ်ဆိုင်မှာ ဆရာကြီးရဲ့ ဒီနှစ်ထုတ် သံဒိဌာန် ပြက္ခဒိန်စာအုပ် ၀ယ်ဖတ်ကြည့်ကြပါ။ ဒီလိုသွားဝယ် မဖတ်နိုင်ရင်လည်း ဆရာကြီးရဲ့ ရေးသားချက်ကို ကိုးကားပြထားတဲ့ ကိုရန်းဂန်းရဲ့ “မကြင်နာမယ့် အင်္ဂါ” ဆိုတဲ့ ဆောင်းပါးကို သွားဖတ်ကြည့်စေချင်ပါတယ်။
ကျွန်တော်ဆိုတဲ့ သကောင့်သား ကတော့ ဒီဆရာကြီးတွေနဲ့ လုံးဝ မနှိုင်းယှဉ်အပ်တဲ့ “ဟိုစပ်စပ်၊ ဒီစပ်စပ်” သမားပါ။ ဒါပေမယ့် တစ်ခုတော့ ပြောလိုက်ပါဦးမယ်။ ကျွန်တော် လေ့လာထားမိသလောက် ပြောရရင်တော့ ဒီသဘာဝ ဘေးဥပဒ်ကြီးတစ်ခု ဖြစ်တဲ့ “ဟေတီ ငလျှင်” ဟာ (2010 အတွက်) အခုမှ စ, မိတ်ဆက်လိုက်ရုံ ရှိပါသေးတယ်။ ထပ်ပြီး လာလိမ့်ဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။
ကျွန်တော့်ရဲ့ အဆင့်က လေ့လာသူ အဆင့် မှာဘဲ ရှိလို့ “ယူဆတယ်” လို့ဘဲ ပြောနိုင်ပါတယ်။ “ဆရာကြီး အဆင့်” မှာ မရှိသေးပါဘူး။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ “စပ်မိစပ်ရာ 2010” ဆောင်းပါးထဲမှာလည်း “ငလျှင်”ဟာ 2010 အတွက် အဖြစ်နိုင်ဆုံး သဘာဝ ဘေးဥပဒ် ဖြစ်တယ်” လို့ ကျွန်တော် ရေးထားပါတယ်။ သိပ် တတ်လွန်းလို့တော့ မဟုတ်ပါဘူးဗျာ။ နှစ်တိုင်းနှစ်တိုင်း Happy New Year မှာ ရှိတဲ့ ဂြိုဟ်အနေအထားလေးတွေကို နှစ်စဉ် လေ့လာခဲ့မှုရဲ့ အတွေ့အကြုံ လေးတွေ အရပါ။
ဒါကြောင့် ဒီလို ၀မ်းနည်းဘွယ်ရာ “ဟေတီ ငလျှင်” ကြီးလိုမျိုး ထပ်ဖြစ်မှာကို (လုံးဝ) မလိုလားပေမယ့် နှစ်သစ်ကူးချိန်ရဲ့ ကောင်းကင်နက္ခတ်တွေရဲ့ အနေအထားအရ ဒီလို ငလျှင်ကြီးမျိုး ထပ်မံဖြစ်ပွားဖွယ် ရှိသေးနိုင်တာမို့ သတိတရား လက်ကိုင် ထားကြပါ။ သတ္တ၀ါအခြင်းခြင်း မေတ္တာပွားများပြီး ချစ်ချစ်ခင်ခင် နေကြပါလို့။ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ ဆိုတာမျိုး မဖြစ်ဘူးလို့ မပြောနိုင်တဲ့ “ခေတ်ကြီး” ပါ။ “နေ့မြင် ၊ ညပျောက်” ခေတ်ကြီးပါ ခင်ဗျား။
နောက်ထပ် ငလျှင်ကြီးများ ဖြစ်ပွားဖွယ် ရှိ/မရှိကို ဂျာနယ်လစ်များ အသေအချာ သိချင်ကြရင်တော့ “ဆရာကြီး ကာလာစန်” ကိုသာ သွားပြီး “ဗျူး” ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ “သဘာဝ ဘေးဥပဒ်” တွေ နဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး/ အမှန်အများဆုံး ပြောနိုင်သူကတော့ ဆရာကြီးကာလာစန် တစ်ယောက်သာ ရှိလိမ့်မယ်ထင်ပါတယ်။ တခြား ရှိသေးရင်လည်း ခွင့်လွှတ်ဗျာ။ ကျွန်တော်တော့ ဒီဆရာတစ်ယောက်ဘဲ သိတယ်။
(ဆရာကြီးက ကန်တော်လေးရပ်ကွက်မှာ နေပါတယ်၊ မရောက်တာ ကြာပြီမို့ လမ်းနဲ့ အိမ်နံပါတ်တော့ မမှတ်မိတော့ပါ)။
.
ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကပ်ကြီး(၃)ပါးမှ လွတ်ကင်းနိုင်ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
Latest News = နောက်ဆုံးရတဲ့ သတင်းအရ ဟေတီနိုင်ငံမှာ ပြင်းအား ၆.၁ ရှိတဲ့ နောက်ထပ် ငလျင်တခု အခု(၂၀)ရက် မနက်ပိုင်း ဒေသစံတော်ချိန် ၆ နာရီခွဲလောက်မှာ ထပ်မံလှုပ်ခတ်သွားခဲ့လို့ အဆောက်အဦးအချို့ ပြိုကျခဲ့ပြီး လူတွေလည်း အလွန်ထိတ် လန့်တုန်လှုပ်သွားရတယ်လို့ သိရပါတယ်။ နောက်ထပ် အသေအပျောက်တော့ မသိရသေးပါ။
ဝင်ရောက်ဖတ်ရှုသူပေါင်း=188
Date: January 17, 2010
