Wednesday, 8 of September of 2010

Tag » Best Life Style

# ဘ၀အတွက် အကောင်းဆုံးယတြာ . . အပိုင်း (၄)

ဘ၀အတွက် အကောင်းဆုံးယတြာကို ရေးလာတာ ဘာလိုလိုနဲ့ အပိုင်း(၄)ကို ရောက်လာပါပြီ။ ဖတ်တဲ့လူတွေတော့ ငြီးငွေ့နေကြပြီလား မသိပါဘူး။ တစ်ချို့တွေ ငြီးငွေ့ကောင်း ငြီးငွေ့နိုင်ပေမယ့် တစ်ချို့ကတော့ အလွန် စိတ်အားထက်သန်စွာ စောင့်မျှော် ဖတ်ရှု နေကြမယ် ထင်ပါတယ်။ ဒီကနေ့ ပြောချင်တဲ့ အကြောင်းလေးကတော့ အပိုင်း (၃)မှာ မပြောလိုက်ရတဲ့ “ဣသာမစ္ဆရိယ” အကြောင်းလေးကို ပြောပြချင်ပါတယ်။

ပါဠိစကားဖြစ်တဲ့ “ဣသာမစ္ဆရိယ” ဆိုတာ မြန်မာလိုတော့ – “မနာလို ၀န်တိုစိတ်” ပါဘဲ။ “သူတစ်ပါး ကောင်းစားတာကို မနာလိုခြင်း၊ မရှုစိမ့်နိုင်ခြင်း၊ ပျက်စီးစေလိုခြင်း၊ ပျက်စီးအောင် ကြံစည်ခြင်း၊ ၀န်တိုခြင်း၊ ညူစူခြင်း၊ နှမြော တွန့်တိုခြင်း” ဆိုတဲ့ အနက်အဓိပ္ပါယ်တွေ ပါဝင်နေ ပါတယ်။

“ဘ၀အတွက် အကောင်းဆုံးယတြာ” (တနည်း) “Best Life Style” အကြောင်းကို ပြောမယ်ဆိုပြီး တရားများဟောတော့မှာလား လို့လည်း မထင်ကြပါနဲ့ဦး။ တရားမဟောပါဘူး။ ဒါပေမယ့် အဆင်ပြေ ချောမွေ့တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်ရရှိဖို့ ကိစ္စမှာ ဒီ “ဣသာမစ္ဆရိယ” ဟာ “လောဘ” တရားလိုဘဲ အရေးကြီးလှတာမို့ တင်ပြဖို့ လိုပါတယ်။

ဣသာမစ္ဆရိယ” နဲ့ ပတ်သက်ပြီး ဘုရားဟော ဒေသနာတွေမှာ “မှတ်လောက် သားလောက်” ရှိလှတဲ့ ပြဿနာ(၂)ခု တွေ့ဘူး ပါတယ်။ ပထမ ပြဿနာက -  သုံးလောကထွဋ်ထား ဂေါတမဘုရားရှင် မပွင့်မှီ အချိန်ကာလများစွာကတည်းက “တာဝတိံသာ” နတ်ပြည်ကို အစိုးရတဲ့ “သိကြားမင်း” ဟာ လူ့ပြည်ကိုများ လှမ်းကြည့်လိုက်ရင် လူတွေဟာ အန္တရာယ်မကင်း၊ ဘေးမရှင်း ၊ ဆင်းရဲ ဒုက္ခမျိုးစုံတွေ့ ၊ ရောဂါများ ၊ အသက်တို ကြတာတွေကို မြင်ရတော့ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာ သူ, တွေးဆလို့ မရဘူးတဲ့။ အကြောင်းတရားကို ရှာလို့မရဘူးတဲ့။

ဒါနဲ့ လူ့ပြည်မှာ ဂေါတမဘုရားရှင် ပွင့်တော်မူလာမှ သူ သိပ်သိချင်နေတဲ့ ပြဿနာကို ဗုဒ္ဓရှင်ထံမှာ လျှောက်ထား မေးမြန်း ကြည့်ပါတော့တယ်။ ဒီတော့ ဘုရားက “ဟေ့ – သိကြားရေ၊ လူတွေမှာ အန္တရာယ်မကင်း၊ ဘေးမရှင်း၊ ဒုက္ခရောက်၊ ရောဂါများ၊ အသက်တို နေကြတာ တခြားတရားကြောင့် မဟုတ်ဘူးဟေ့။ “ဣသာမစ္ဆရိယ” ဆိုတဲ့ တရားကြောင့်ကွ” လို့ ဟောတော် မူလိုက်ပါတယ် တဲ့။

.

စဉ်းစားကြည့်ကြနော်။ လူတွေမှာ ဖြစ်တတ်တဲ့ “ကိလေသာ” လို့ခေါ်တဲ့ “စိတ်အညစ်အကြေး” တွေဟာ အရေအတွက်နဲ့ တွက်ကြည့်ရင် (၁၅၀၀) လောက် ရှိပါတယ်။ “လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ . . . စတဲ့ (၁၅၀၀ ကိလေသာဆိုတဲ့) အကုသိုလ် အညစ်အကြေးတွေ အများကြီး ရှိပါရက်နဲ့ လူတွေ ဒုက္ခရောက်ကြောင်း၊ ဆင်းရဲကြောင်းဟာ ဒီ “ဣသာ နဲ့ မစ္ဆရိယ” ဆိုတဲ့တရား (၂)ပါးသာလျှင် အဓိက တရားခံ ဖြစ်နေပါသတဲ့။ တခြား အကုသိုလ်တွေကြောင့် ဖြစ်ရတာ ထက် ဒီတရားနှစ်ခု ကြောင့် ဖြစ်ရတာက ပိုများလှပါသတဲ့။

စာရေးသူ ဒီစကား ဟုတ်မဟုတ်ကို ကိုယ့်ဆွေမျိုးသားခြင်းတွေ နဲ့ မိတ်ဆွေရင်းတွေကို လိုက်ပြီး လေ့လာ ကြည့်လိုက်တော့ အတော်လေးကို မှန်လှပါတယ်။

သူများတွေတော့ မပြောလိုပါဘူး။ ကိုယ့် ဆွေမျိုးမောင်နှမသားချင်းတွေထဲကို အရင်လေ့လာကြည့်တော့ ဘ၀တစ်လျှောက်လုံး အမြဲတန်း ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဆွေမျိုး၊ ညီအစ်ကို မောင်နှမတွေဟာ “ဣသာမစ္ဆရိယ” အများဆုံးသူတွေ ဖြစ်နေတာကို သွားတွေ့ ရလိုက်ပါတယ်။ တစိမ်းမဟုတ်တဲ့ ကိုယ့်မောင်နှမ အရင်းခေါက်ခေါက်၊ ဆွေမျိုး အရင်းခေါက်ခေါက် ကောင်းစားတာ တောင်မှ ဘယ်လိုမှ “မရှုစိမ့်” နိုင်တဲ့ သူတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။

စာရေးသူ အပိုင်း (၂) နဲ့ (၃)မှာ ရေးထားတဲ့ “လောဘတရား” ဟာ မကောင်းပေမယ့် “လောဘ”ကမှ “အရ” ဆိုတာ ရှိသေးတယ်။ လောဘကြောင့် ပစ္စည်းဥစ္စာ၊ ရာထူးအာဏာတွေ ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ စိတ်ထား စင်ကြယ်မှု၊ မစင်ကြယ်မှုအပေါ်မှာ မူတည်ပြီး ရပြီးကာမှ ပြန်ပျက်စီးသွားရတာမျိုး ရှိတတ်သေးတယ်။

“ဣသာမစ္ဆရိယ”သမားကျတော့ “အရ” ဆိုတာကို မရှိတော့ဘူး။ သူတို့ကြည့်လိုက်ရင် အမြဲဆင်းရဲ ကြပ်တည်း ဒုက္ခမျိုးစုံ ရောက်ပြီးရင်း ရောက်နေတော့တာပါဘဲ။ “လောဘ” က ပစ္စည်းဥစ္စာကို ရပြီးခါမှ ပြန်ပျက်စီးတယ်။ “ဣသာမစ္ဆရိယ” ကျတော့ ပစ္စည်းဥစ္စာကို လုံးဝ ၀င်မလာအောင်ကို  ပိတ်ပင်တားဆီးထားတတ်ပါတယ်။

“ဣသာမစ္ဆရိယ” တရားဟာ လောဘထက် သိမ်မွေ့တယ်။ မသိသာဘူး။ “လောဘ”က “ကောက်ရိုးမီးလို” ဟုန်းကနဲ တောက်တတ်တဲ့အရာမျိုးဖြစ်ပေမယ့် “ဣသာမစ္ဆရိယ” ကျတော့ “ဖွဲမီးလို” တစ်ငွေ့ငွေ့ လောင်ကျွမ်းနေတတ်တဲ့ သဘော ရှိပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ သဏ္ဍန်မှာ “ဣသာမစ္ဆရိယ” ရှိမှန်း/မရှိမှန်း သိဖို့ နဲနဲ ခက်ပါတယ်ကိုယ့်စိတ်ကို ကိုယ်ပြန် စောင့်ကြည့် နေတဲ့ “၀ိပဿနာ” အမြင်မျိုး လုံးဝမရှိသူတွေဆိုရင် ကိုယ့်ရဲ့ သဏ္ဍန်မှာ “ဣသာမစ္ဆရိယ” ရှိ/မရှိကို လုံးဝ မသိကြ ပါဘူး

လေ့လာကြည့်မယ်ဆိုရင် “ဣသာမစ္ဆရိယ” တရားဟာ လူတစ်ဦး နဲ့ တစ်ဦး အဆင့်အတန်းခြင်း သိပ်ကွာခြားနေလွန်းရင်လည်း ဖြစ်ခဲပါတယ်။ များသောအားဖြင့် ကိုယ်နဲ့ အဆင့်တူ၊ ဘ၀တူ၊ အခြေအနေတူ (မတိမ်းမယိမ်း) လောက်မှာ ဖြစ်လေ့ ရှိတတ် ကြပါတယ်။

ဥပမာ – လခစားဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ အလုပ်ပိုင်ရှင်သူဌေးကြီးအပေါ်မှာ “ဣသာမစ္ဆရိယ” ဖြစ်ဖို့ သိပ်မလွယ်လှပါဘူး။ သူနဲ့ အဆင့်ခြင်းမှ မတူတာ။ ဒါပေမယ့် သူနဲ့ ရာထူးတူတဲ့ အပေါင်းအသင်းတစ်ယောက် ရာထူး တက်သွားပြီး သူက မတက်ဘူး ဆိုရင်တော့ “ဣသာမစ္ဆရိယ” ဖြစ်တတ်ပါတယ်။ ဒါကြောင့် “ဣသာမစ္ဆရိယ”တရားဟာ အလုပ်တူ၊ ရာထူးတူ၊ အဆင့်တူ၊ စီးပွားတူ၊ ဘ၀အဆင့်အတန်းခြင်း တူတဲ့ အခြေအနေတွေ မှာ သူက ကိုယ့်ထက်သာသွားတဲ့ အချိန်မှာ အများဆုံး ဖြစ်တတ်တာ ကို သတိပြုပါ။

ဒီနေရာမှာ စင်္ကာပူမှာ အလုပ်သွားလုပ်နေတဲ့ “တူကလေး” တစ်ယောက် အကြောင်းပြောရဦးမယ်။ သူက Web ဒီဇိုင်းနာ လုပ်တယ်။ ပညာအရမ်းတော်တယ်။ စိတ်ကူးကောင်းတယ်။ (ပါရမီပေါ့)။ ဒါနဲ့ သူ အလုပ်စ, ၀င်စမှာ အလုပ်ထဲက သူတွေက သူ့ကို ချစ်ချစ်ခင်ခင်ရှိကြတယ်။ သူ့ရုပ်ကလေးကလည်း ချစ်ဖို့ကောင်းတယ်လေ။ ဒါနဲ့ အလုပ်က အရမ်းတော်တော့ သူဌေးက တဖြည်းဖြည်း မျက်နှာသာပေးလာတယ်။ နောက်တော့ ရာထူးပါ တိုးပေးလိုက်တယ်။ အဲဒီမှာ အရင်တုန်းက ခေါ်ခေါ် ပြောပြော လုပ်နေတဲ့ “အလုပ်တူ” ၀န်ထမ်းတွေက သူ့ကို စကားမပြောကြတော့ဘူးတဲ့။ အခေါ်အပြော မလုပ်ကြတော့ဘူးတဲ့။ “ဣသာမစ္ဆရိယ” စိတ်များနော်။ ဒီစိတ်ကြောင့် လူတစ်ယောက်ကို ချစ်ခင်နေရာကနေ ချက်ခြင်း မုန်းတီး သွားရတာ။ သူတို့ ဒီလို စိတ်ထားလေလေ၊ သူတို့ဘ၀က မတိုးတက် လေလေ ဖြစ်ရတော့မှာ။ မသိကြဘူးနော်။ တော်တော် သံဝေဂရဖို့ ကောင်းလှ ပါတယ်။

စီးပွားရေးသမားတွေလည်း ကိုယ်နဲ့ အလုပ်တူ ပြိုင်ဖက်တွေအပေါ်မှာ “ဣသာမစ္ဆရိယ” အမြဲလိုလို ဖြစ်နေတတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်မှု ကြီးလေ “ဣသာမစ္ဆရိယ” ကြီးလေ ဖြစ်တတ်ကြပါတယ်။ ဒါမေပယ့် ဒီလို “ဣသာမစ္ဆရိယ”စိတ် ကြီးစွာ နဲ့ ယှဉ်ပြိုင်ကြလေ ဘယ်သူမှ မနိုင်ဘဲ အရှုံးနဲ့ရင်ဆိုင်ရ လေလေပါဘဲ။ “ဣသာမစ္ဆရိယ”ဟာ လာဘ်လာဘကို အင်မတန် ပိတ်ပင်တတ်တဲ့ တရားပါ။ အလွန်ကြောက်စရာကောင်းပါတယ်

နောက်တစ်ခုက ချစ်လှစွာသော ညီမငယ်၊ သမီးငယ်များတို့။ ဒီ “ဣသာမစ္ဆရိယ” တရားဟာ ယောင်္ကျားတွေထက် မိန်းမသား တွေမှာ ပိုပြီး ဖြစ်တတ်ပါတယ် တဲ့။ ဘုရားပြောတဲ့ စကားပါနော် ။ ပုံဆောင်ပြီး ပြောပြပါမယ်။

ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူလာတော့ ဘုရားနဲ့အတူ ဘ၀အဆက်ဆက်က ပါရမီဖြည့်ဖက်တွေဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ “ဧတဒဂ်” လို့ခေါ်တဲ့ “ဘွဲ့ထူးဂုဏ်ထူး” တွေ ပေးအပ်ခံရပါတယ်။ “အရှင်သာရိပုတ္တရာ” ပညာအရာမှာ ဧတဒဂ် ရပါတယ်။ “အရှင် မောဂ္ဂလန်” ဆိုရင် တန်ခိုးအရာမှာ ဧတဒဂ် ရပါတယ်။ “အရှင်ပုည” ဆိုရင် ဓမ္မကထိကအရာမှာ ဧတဒဂ် ရပါတယ်။ ဒီလို ရှေးဘ၀က ဆုတောင်းနဲ့ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေကြောင့် ဘုရားရှင်လက်ထက်မှာ “ဧတဒဂ်” ရသူ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုဟ်တွေ အများကြီးရှိပါတယ်။

အဲဒီ အထဲမှာ ဗုဒ္ဓအရှင်ရဲ့ ညီဝမ်းကွဲဖြစ်တဲ့ “အရှင်အနုရုဒ္ဓာ” ကိုယ်တော်ကြီးကတော့ “ဒိဗ္ဗစက္ခု” အရာမှာ “ဧတဒဂ်” ရသူ ဖြစ်ပါတယ်။ “အရှင် အနုရုဒ္ဓာ” ကိုယ်တော်ကြီးဟာ သူ့ရဲ့ “ဒိဗ္ဗစက္ခု” တန်ခိုး နဲ့ လောက(၃)ပါးလုံးကို အဖုံးအကွယ်မရှိ အကုန် မြင်နိုင်တဲ့ တန်ခိုးရှိသူဖြစ်လေတော့ မကြာခဏဆိုသလို (၃၁)ဘုံအတွင်းကို “ဒိဗ္ဗစက္ခု” နဲ့ လျှောက်ပြီး ကြည့်လေ့ရှိပါသတဲ့။

အဲဒီလို လျှောက်ကြည့်ရင်းနဲ့  “အရှင် အနုရုဒ္ဓာ” ကိုယ်တော်ကြီးခမျာ သိကြားမင်း ခေါင်းစားသလို ခေါင်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ဒီကိုယ်တော်ကြီးဟာ သူ့ရဲ့ ဒိဗ္ဗစက္ခုနဲ့ ငရဲဘုံ(၈)ထပ်ကို လှမ်းကြည့်လိုက်တိုင်း လူတန်းစား အမျိုးမျိုးအဖုံဖုံ ကို တွေ့မြင်ရတယ် ဆိုပေမယ့် “ယောင်္ကျား နဲ့ မိန်းမ” အရေအတွက်ခြင်း ယှဉ်လိုက်ရင် “မိန်းမတွေ ငရဲခံနေရတာ” သိသိ သာသာ များလွန်းနေပါသတဲ့

ဒီမှာ ကိုယ်တော်ကြီး တော်တော် ခေါင်းစားသွားပါတယ်။ ဘယ်လိုဖြစ်တာပါလိမ့် ?။

လူ့ပြည်မှာ ကောင်းမှုကုသိုလ် လုပ်ကြတာလည်း ဒီ အမျိုးသမီးတွေပါဘဲ။ သံဃာတွေအတွက် မနက်မလင်းခင် ဆွမ်းထချက် တာလည်း ဒီ အမျိုးသမီးတွေပါဘဲ။ ပြီးရင် သံဃာတွေ တန်းစီကြွ လာလို့ ဆွမ်းလောင်းကြရင်လည်း ဒီ အမျိုးသမီးတွေပါဘဲ။ အိမ်က ဘုရားစင်မှာ နေ့စဉ် ဆွမ်း/ရေချမ်းကပ်လှူပြီး ဘုရားရှိခိုး အမျှဝေတာလည်း ဒီ အမျိုးသမီးတွေပါဘဲ။ တရားပွဲတွေများ ရှိရင် ရှေ့ဆုံးက ရောက်ကြတာလည်း ဒီ အမျိုးသမီးတွေ ပါဘဲ။ ယောင်္ကျားတွေကတော့ ဘယ်ပျောက်နေမှန်းတောင် မသိပါဘူး။ (ဘီယာဆိုင် တို့၊ ကာရာအိုကေ တို့၊ အနှိပ်ခန်း တို့မှာ ရောက်နေကြပုံ ရပါတယ် / . . . . . . .  ရယ်စရာပြောတာပါနော်)

ဒီလို ကောင်းမှုကုသိုလ်လုပ်ကြတာ များပါလျှက်နဲ့ “ငရဲပြည်” မှာ ဘာလို့ မိန်းမအရေအတွက်က ဒီလောက်များနေရတာလဲ?။ အရှင် အနုရုဒ္ဓါကိုယ်တော်ကြီး တော်တော် ဦးနှောက်ခြောက်သွားပါတယ်။ ဒါနဲ့ ဒီကိစ္စကို ဘုရားထံမှာ လျှောက်ထား မေးမြန်း ကြည့်ဦးမှပါလေ ဆိုပြီး ဘုရားဆီကို သွားပြီး မေးရတော့တယ်။

တိုတိုပြောရရင် ဘုရားက သိကြားကို ပြောလိုက်သလိုပါဘဲ။ “အေး- ငါ့ရှင် အနုရုဒ္ဓါ ရေ၊ မိန်းမတွေဟာ ကုသိုလ်အရေးမှာ ရှေ့တန်းက ပြုလုပ်ကြတာ မှန်ပေမယ့် မနာလိုခြင်း၊ ၀န်တိုခြင်း ဆိုတဲ့ “ဣသာမစ္ဆရိယ” တရားတွေကတော့ ယောင်္ကျား တွေထက် ပိုများနေလို့ ငရဲပြည်မှာ မိန်းမများနေရတာပါကွာ” လို့ ပြန်ဖြေလိုက်ပါသတဲ့ ။

(ဒါ – ကျွန်တော့်စကား မဟုတ်ဘူးနော်၊ ဘုရားစကားပါ၊ တော်ကြာ ကိုယ့်ကို အမြဲအားပေးနေတဲ့ အမျိုးသမီး ပရိတ်သတ် အင်အားလျော့သွားမှာ စိုးရတယ်/အခုဖတ်နေတဲ့ ဆရာ့ညီမ၊ ဆရာ့သမီး ကတော့ ဒီအထဲမှာ မပါပါဘူး၊ တခြား အမျိုးသမီး တွေကို ပြောတာနော်/ ဟုတ်ပြီလား)

ယောင်္ကျားတွေလည်း “ဣသာမစ္ဆရိယ” ရှိကြပါ့ဗျား။ တစ်ချို့ဆိုရင် ယောင်္ကျားရင့်မကြီးတွေ ဖြစ်ရက်နဲ့ မိန်းမတွေထက်တောင် “ဣသာမစ္ဆရိယ” သာသေးတယ်။ မနာလို ၀န်တိုမှု ပိုများသေးတယ်။ တွေ့ဘူးတာ ပြောတာပါ။

“ဣသာမစ္ဆရိယ” တရား(၂)ပါးမှာ  “မနာလိုခြင်း” ဆိုတဲ့ တရားကို မပြောလိုပေမယ့် “၀န်တိုခြင်း” ဆိုတဲ့ တရားလေး ကတော့ မိန်းမတွေမှာ ပိုများတဲ့အကြောင်းကို ဥပမာလေး တစ်ခုပေးချင်ပါတယ် စာရေးသူရဲ့ အတွေ့အကြုံအရ “မနာလိုခြင်း” ကတော့ ယောင်္ကျားနဲ့ မိန်းမ သိပ်မကွာလှပါဘူး။ ဒါပေမယ့် “၀န်တိုခြင်း၊ နှမြောတွန့်တိုခြင်း” အရာမှာတော့ မိန်းမတွေက နဲနဲသာတာကို တွေ့ရပါတယ်။

အိမ်ထောင်သည်တွေနဲ့ ဥပမာ ပေးပါမယ် ။ အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် ကိုယ့်အိမ်မှာ မကင်းရာ မကင်းကြောင်း ယောင်္ကျား နဲ့ မိန်းမရဲ့ ဆွေမျိုးညီအစ်ကို မောင်နှမတွေ လာရောက် စားသောက်နေထိုင်ကြတဲ့အခါမှာ ယောင်္ကျားဘက်က အမျိုးတွေက ပိုများသလား ? မိန်းမဘက်က အမျိုးတွေက ပိုများသလား ? ဒါလေးဘဲ ဖြေကြည့်ကြပါ။

ကိုယ့်အမျိုးကို ထောက်ပံ့ချင်တဲ့အခါမှာ မိန်းမက ယောင်္ကျားမျက်နှာကို ကြည့်ရတာ ပိုများသလား? ယောင်္ကျားက မိန်းမ မျက်နှာကြည့်ရတာ ပိုများသလား ? ။ ယောင်္ကျားက တွန့်တိုတာ ပိုများသလား? ၊ မိန်းမက တွန့်တိုတာ ပိုများသလား?။ အိမ်ထောင်ကျပြီး ကိုယ့်မိဘတွေကို ပေးကမ်းထောက်ပံ့တဲ့နေရာမှာ ယောင်္ကျားတွေက ပိုပြီး လွယ်ကူသလား? မိန်းမတွေက ပိုပြီး လွယ်ကူသလား? ။ မေးကြည့်တာပါနော်။ ကိုယ့်ဟာကိုယ်သာ ဖြေကြည့် ကြပေတော့။ အမှန်အတိုင်းလေးပေါ့။

အိမ်ထောင်မကျသေးတဲ့ အချိန်မှာလည်း မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက်စာရင် အချင်းချင်း အလွန်ပြိုင်ဆိုင်လို စိတ် များတတ်ကြတယ်။ မိဘဂုဏ်ခြင်းပြိုင်တယ်။ ရုပ်ရည် အလှအပခြင်းပြိုင်တယ်၊ အ၀တ်အစားခြင်း ပြိုင်တယ်၊ ပညာခြင်း ပြိုင်တယ်၊ ရည်းစားချင်း ပြိုင်တယ်၊ အိမ်ထောင်ကျလာတော့ လင်ခြင်း ပြိုင်ကြပြန်တယ်။ ပြီးရင် သားသမီးခြင်း ပြိုင်ကြပြန်တယ်။

ဒီလို ပြိုင်ဆိုင်ကြတော့ နိုင်တဲ့သူ၊ သာတဲ့ သူက “မာနတရား” ဖြစ်လာတယ်။ ရှုံးတဲ့သူ၊ နိမ့်တဲ့သူက “ဣသာမစ္ဆရိယ” ဖြစ်လာတယ်။ တကယ်တော့ ဘယ်သူမှ မနိုင်ပါဘူး။ “မာန” ရော “ဣသာမစ္ဆရိယ” ရော ကိုယ့်ကို “ဆွဲချမယ့်” တရားတွေ ချည်းပါ။ နောက်ဆုံးတော့ ဒီ “ဣသာမစ္ဆရိယ” တရားကြောင့် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တရားတွေဟာ “ကုသိုလ် တစ်ပဲ ၊ ငရဲ တစ်ပိသာ” ဆိုတာလို ဖြစ်သွားပြီး အခုဘ၀လည်း မကောင်း/နောင်ဘ၀လည်း မကောင်း ဖြစ်ရတတ်ပါတယ်။

ဒီတော့ “ဘ၀အတွက် အကောင်းဆုံးယတြာ” တစ်ခု အဖြစ် လောဘကို ပယ်သတ်ပြီးကြရင် “ဣသာမစ္ဆရိယ” ကိုလည်း ဆက်ပြီး ပယ်သတ်ကြပါဦး။ (အမြဲတမ်း ရှိနေတဲ့ တရားမဟုတ်ပေမယ့် အထက်က ပြောခဲ့သလို အကြောင်း တိုက်ဆိုင်ရင် ဒီ “ဣသာမစ္ဆရိယ” စိတ်ဟာ ၀င်လာတတ်ပါတယ်)

ဒီလို ပယ်သတ်နိုင်ပါမှ  အဆင်ပြေချောမွေ့တဲ့ ဘ၀တစ်ခုကို ဖြောင့်ဖြောင့် တန်းတန်း / ရှည်ရှည်ကြာကြာ ရနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ခဏမျှသာ ကောင်းစားပြီး  ဒုံရင်း ဒုံရင်း ကိုဘဲ ပြန်ရောက်ကြပါလိမ့်မယ်။

ဒီ ကောင်းကျိုးလုံးဝမပြုတဲ့ “ဣသာမစ္ဆရိယ” ကို ဘယ်လိုပယ်သတ်ကြမလဲ ? ။ သိပ်မခက်ပါဘူး။ မုဒိတာ ဆိုတဲ့ တရားနဲ့ ပယ်သတ်လိုက်ပါ။ “မုဒိတာ” ဆိုတာ သူများကောင်းစားတာကို ၀မ်းမြောက်ဝမ်းသာ ရှိတာပါ။ သြော် သူတို့ရဲ့ အတိတ်ကံ က ကောင်းလှချည်လား? ဆိုပြီး သူတို့နဲ့ ထပ်တူ ၀မ်းမြောက်ခြင်းပါ။ မြင့်မြတ်သူတို့ရဲ့ စိတ်နှလုံးမျိုးပါ။ မရှိသေးရင် မွေးယူကြပါ။ အင်မတန် ချီးမွမ်းစရာကောင်းတဲ့ စိတ်ဖြစ်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ မဟုတ်တဲ့ အလုပ်တွေ လုပ်ပြီး ကောင်းစားနေသူတွေလည်း ရှိနိုင်တော့ သူတို့ကျတော့ မုဒိတာပွား မရဘဲ ဖြစ်ချင်ဖြစ်ချင်လိမ့်မယ် ။ ဒါမျိုးကျတော့ဥပက္ခာ ပြုလိုက်ပါ။ သြော် သူတို့အကုသိုလ် ကို မကြောက်မရွံ့ လုပ်နေ ကြပါလား။ တစ်ဘ၀ တစ်နပ်စာအတွက် သံသရာမှာ ခါးစည်းခံကြရတော့မှာပါလား လို့ သနားစိတ်ဝင်ပြီး “ဥပက္ခာ” ပြုလိုက်ပါ။ သူတို့တရား သူတို့ စီရင်ပါလိမ့်မယ်။ ကိုယ်က ကြားထဲက၀င်ပြီး ခေါင်းမခံချင်ပါနဲ့။

အမှန်တော့ “ဣသာမစ္ဆရိယ” စိတ်ဟာ “လောဘတရား” ရဲ့ လက်အောက်ခံတရားမို့ ကိုယ့် သဏ္ဍန်မှာ လောဘစိတ် တကယ်နည်းလာရင် “ဣသာမစ္ဆရိယ” စိတ်လည်း နည်းလာပါလိမ့်မယ်။ ဒါပေမယ့် ဒီလို ဆိုးဝါးတဲ့ “ဣသာမစ္ဆရိယ” စိတ်ကို တိုက်ဖျက်ဖို့အတွက် ခံယူချက်ကလေး တစ်ခုကို ကျင့်သုံးလိုက်ရင်လည်း ဖြစ်ပါတယ်။ အဲဒီ ခံယူချက်ကတော့ ရှေ့ပိုင်း ဆောင်းပါးတွေမှာ ကျွန်တော် ပြောခဲ့တဲ့ “ပါရမီ” ဆိုတဲ့ တရားလေးကို နားလည်ဖို့ပါဘဲ။

လူတွေရဲ့ ဘ၀သံသရာဟာ ရှည်လျားလွန်းလှတာကြောင့် တစ်ဦးနဲ့ တစ်ဦး ပါရမီ ဖြည့်ခဲ့ပုံခြင်း မတူနိုင်ပါဘူး။ အလုပ်ခြင်း၊ ရာထူးခြင်းလည်းတူ ၊ ကြိုးစားမှုလည်း တူပါရက်နဲ့ သူက ကိုယ့်ထက် သာသွားတာဟာ – သူဟာ ကိုယ့်ထက် ဘ၀ အဆက်ဆက်က ဖြည့်ဆည်းခဲ့တဲ့ “ပါရမီ” တွေ သာလွန်ခဲ့လို့သာ ဖြစ်တယ်လို့ နားလည်ရပါမယ်။ သြော် သူ့ပါရမီက သိပ်ကောင်းပါလားဆိုပြီး ၀မ်းမြောက်ဝမ်းသာ မုဒိတာ ပွားလိုက်ပါ။

ဒေ၀ဒတ်ဟာ ဘုရားလို ပါရမီမျိုးကိုတော့ မဖြည့်ကျင့်ခဲ့ဘဲ ဒီဘ၀ရောက်မှ ဘုရားကို အားကျပြီး ဘုရားဖြစ်ချင် တာကြောင့် ဣသာမစ္ဆရိယ” စိတ်နဲ့ မကောင်းမှုအမျိုးမျိုး ကြံစည်လုပ်ကိုင်ခဲ့တာ ဘုရားတော့ မဖြစ်လိုက်ပါဘူး။ မြေမြိုပြီး မဟာအ၀ီစိ ကိုသာ သက်ဆင်း သွားရရှာပါတယ်။ ပါရမီခြင်းက ဘယ်လိုမှ တုယှဉ်လို့ မရဘူးလေ။ အရင်ဘ၀တွေတုန်းက ပါရမီ ဖြည့်ကျင့် တာမျိုး မလုပ်ခဲ့ဘဲ ဒီတစ်ဘ၀ထဲနဲ့ သွားယှဉ်လို့ မရပါဘူး။

ဒါကြောင့် ကိုယ့်ထက် ကောင်းစားသွားရင် ကိုယ့်ထက် ပါရမီ ကောင်းခဲ့လို့ဘဲလို့သာ ခံယူလိုက်ပြီး မုဒိတာ သာ ပွားပေးလိုက် တာဟာ “အဆင်ပြေချောမွေ့တဲ့ ဘ၀တစ်ခု” ရရှိဖို့ အရေးပါလှတဲ့ စိတ်ထားတစ်ခုဖြစ်ပါတယ်။ မွေးမြူကြပါ။ ကိုယ့်ရဲ့ သဏ္ဍန်မှာ “ဣသာမစ္ဆရိယ” စိတ်များ ၀င်လာရင် ချက်ခြင်း ဖယ်ထုတ်ပစ်ကြပါ။ “မုဒိတာ” နဲ့ ချက်ခြင်း အစားထိုးကြပါ။

ဒါဟာ “ဘ၀အတွက် အကောင်းဆုံးယတြာ” ရဲ့ အရေးပါတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံး Life Style တစ်ခု ဖြစ်ပါ တယ်။ ကျင့်သုံးကြည့်ကြပါ။ အကျိုးထူးခံစားရပါလိမ့်မယ်။ ကဗျာလေးတစ်ခု ထည့်ပေးလိုက်ပါဦးမယ်။

.

မနာလို ကင်း

ဝန်တို ရှင်း

ချက်ခြင်း ချမ်းသာသည်

.

ညီအစ်ကို မောင်နှမများအားလုံး သာယာချမ်းမြေ့သော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

.

မှတ်ချက်။           ။ အမျိုးသမီးတွေမှာ “ဣသာမစ္ဆရိယ” စိတ်များတတ်တယ် ဆိုတာ ဘုရားစကားကို ကိုးကားပြီး သတိထားမိအောင် ပြောပြခြင်းသာဖြစ်ပြီး ထိခိုက်နစ်နာစေလိုသော စိတ်မရှိရိုး အမှန်ပါ။ ယောင်္ကျားတွေ လိုက်မမှီနိုင် လောက် အောင် အင်မတန် စိတ်ထားမြင့်မြတ်လှတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိပါတယ်။ အများကြီး တွေ့ဘူး ပါတယ်။ ဒီအထဲမှာ ကိုယ်လည်း ပါနိုင်အောင် ကြိုးစားကြပါ လို့။

ဝင်ရောက်ဖတ်ရှုသူပေါင်း=384

  • Share/Bookmark

33 comments

# ဘ၀အတွက် အကောင်းဆုံးယတြာ . . အပိုင်း (၃)

ပြီးခဲ့တဲ့ ဆောင်းပါးအပိုင်း(၂)ကို စိတ်ပါလက်ပါ ၀င်ရောက်အားပေး ဖတ်ရှုကြပြီး အူလှိုက်သဲလှိုက် အားပေးသွားကြတဲ့ စာဖတ်သူများကို ကျေးဇူး အထူးတင်ပါတယ်။ ကိုယ့်စေတနာ ထိရောက်မှုအတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။ သဘောမတူသူများ ရှိနိုင်ပေမယ့် ဒီလောက်လူဦးရေမျှ သဘောတူ လက်ခံတယ်ဆိုရင်ဘဲ ၀မ်းမြောက်လှပါပြီ။ စိတ်ကူးတဲ့ရာ လျှောက်ရေးတာ မဟုတ်ဘဲ ကိုယ်တိုင်ခံစားခဲ့ရတဲ့ အတွေ့အကြုံနဲ့ရင်းပြီး ရေးထားခြင်း ဖြစ်တယ် ဆိုတာကိုတော့ အားလုံးကို နားလည်စေချင် ပါတယ်။ အများအတွက် အကျိုးမရှိတဲ့ စာသားများကို ရေးပြီး အချိန်မဖြုန်းလိုပါ။ တကယ် အကျိုးရှိတာ ဧကန်မုချမို့ တကယ် ယုံကြည်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အားထုတ်ပြီး ရေးပြခြင်း ဖြစ်ပါတယ်။ စာဖတ်သူ အတော်များများက လက်မခံဘူး ဆိုရင်တော့ အကြောင်းအရာက မမှန်လို့ မဟုတ်ဘဲ မိမိရဲ့ တင်ပြပုံ ညံ့ဖျင်းမှု ကြောင့်သာလျှင် ဖြစ်ပါလိမ့်မယ် ခင်ဗျား။

.

အပိုင်း (၃)

အောက်က စာသားလေးတွေကတော့ – လောကကြီးမှာ ဆန္ဒပြင်းပြတိုင်း/ရည်မှန်းချက်ထားတိုင်း/လိုချင်စိတ် ရှိတိုင်းလည်း မရတတ်ပုံနဲ့ မလိုချင်တာမှ ဖြစ်တတ်ပုံ လေးတွေပါ။ ကိုယ့်ရဲ့ အတွေ့အကြုံတွေထဲမှာလည်း ရှိတတ်ကြ ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ရှိတတ်ပါတယ်။ ဖတ်ကြည့်ကြရအောင်လားဗျာ။

.

ဒုက္ကရစရိယာ (၆)နှစ်ကြာ

ဗုဒ္ဓဘုရားရှင်သည် ဘုရားဖြစ်ရန် (၆)နှစ်လုံးလုံး အလွန်ပင်ပန်းဆင်းရဲသော “ဒုက္ကရစရိယာ” အကျင့်ကို ကျင့်သော်လည်း ဘုရား မဖြစ်။ ထိုသို့ ပြင်းထန်စွာ အားထုတ်ခြင်းကို စွန့်လွှတ်လိုက်ပြီး “မဇ္ဈိမ ပဋိပဒါ” အကျင့်ကို ပြန်လျှော့ချလိုက်မှ ဘုရား အဖြစ်သို့ ရောက်လေတော့သည်။ (လိုချင်လွန်းအားကြီးလေ ရည်မှန်းချက်နဲ့ ဝေးကွာလေ ဖြစ်တတ်ပါတယ်)

အနားယူမှ ချက်ခြင်းရ

ဗုဒ္ဓဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာသည် “ပထမအကြိမ် သင်္ဂါယနာ” တင်ပွဲ၌ သူတစ်ပါးတည်းသာ “ရဟန္တာ” မဖြစ်သေးခြင်းကြောင့် ညဉ့်(၃)ယံလုံး မအိပ်စက်ဘဲ တရားကျင့်သော်လည်း မရဘဲရှိနေ၍ လက်လျော့လိုက်ပြီး ခေတ္တ အနားယူရန် အိပ်ယာပေါ်သို့ လှဲချလိုက်သောအခါမှ “ရဟန္တာ” အဖြစ်သို့ ရောက်ရှိသွားသည်။ (အလုပ်စွဲသမားများ အနားယူရန် လိုပါတယ်)

ကုန်သည်မဖြစ် မင်းလောင်းဖြစ်

မဟာဇနက္ကမင်းသား သည် ချမ်းသာကြွယ်ဝလိုသောကြောင့် သမုဒ္ဒရာကို ဖြတ်၍ ကုန်ကူးရာတွင် မအောင်မြင်ဘဲ သင်္ဘောမှောက်၍ ဒုက္ခတွေ့ရသည်။ မဏိမေခလာ နတ်သမီးကယ်မမှုကြောင့် ကျောက်ဖျာထက်တွင် အိပ်စက်နေရာ “ဖုတ်သွင်း” ရထားဆိုက်လာပြီး “မင်း” ဖြစ်ရသည်”။ (ကြံရွယ်တာတခြား  ဖြစ်တာတခြား)

လုံးဝလွှင့်ကာ ပစ်လိုက်ပါ

ရှေးခေတ် ပုဂံရာဇ၀င်တွင် ရှင်မထီး “ရှင်အဇ္ဇဂေါဏ” သည် နှစ်ပေါင်းများစွာ ထိုးလာသော သူ့ဓာတ်လုံး မအောင်မြင် သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထိုဓာတ်လုံးကို “အိမ်သာ”ထဲသို့ လွှင်ပစ်လိုက်ခါမှ (လိုအပ်သောဓာတ်တစ်ခု ပြည့်စုံသွားပြီး) ဓာတ်လုံးအောင် သွားရဘူးလေသည်။ (တစ်သက်လုံး လုပ်လာခဲ့တဲ့ အလုပ်ကို မကောင်းမှန်းသိပြီး စွန့်ပစ်လိုက်တာလည်း အကျိုး ထူးတတ်ပါတယ်)

ညားခါစများ သတိထား

သားသမီး ယူကြမည့် အိမ်ထောင်သည်များ ဖြစ်တတ်ပုံက သားယောင်္ကျားလေး အရမ်းလိုချင်လျှင် သမီးမိန်းကလေး မွေးတတ်သည်။ သမီးမိန်းကလေး အရမ်းလိုချင်လျှင် သားယောင်္ကျားလေး မွေးတတ်သည်။

ဖြစ်တတ်ပေသည် သီအိုရီ

အိမ်ထောင်အရမ်းကျလိုသော မိန်းမများ အပျိုကြီး ဖြစ်လေ့ရှိသည်။ (အပျိုကြီး အားလုံးတော့မဆိုလိုပါ . . )

လိုချင်လွန်းက ဆုံးရှုံးရ

ယောင်္ကျား၏ ချစ်ခင်ယုယမှု၊ သစ္စာရှိမှုကို အလွန်အမင်းလိုချင်သော မိန်းမများ အိမ်ထောင်ရေးအဆင်မပြေမှု ပိုတွေ့ တတ်ကြသည်။ ချင်ခင်ကြင်နာခံရမှု ဆုံးရှုံးတတ်သည်။

မမျှော်မှန်းသူ ဆု,ကြီးယူ

ထီဆုကြီး ပေါက်သူအတော်များများသည် မိမိတို့ ထီထိုးထားသည်ကိုပင် မေ့လျော့နေတတ်ကြပြီး ထီဆိုင်မှ အကြောင်းကြားမှ ပေါက်မှန်းသိရသူများသည်။ (ထီဖွင့်သည့်နေ့တွင် ထီလက်မှတ်တကိုင်ကိုင်နှင့် ထီတိုက်ရန် တပြင်ပြင် လုပ်နေသူများ ထီ, ပေါက်ခဲလှသည်)

ကျောင်းသားတွေမှာ ဖြစ်တတ်တာ

ကျောင်းသားများ စာမေးပွဲများတွင် မိမိတို့ အထင်ဆုံး ဘာသာရပ်များမှ ဂုဏ်ထူးမထွက်ဘဲ မထင်သော ဘာသာမှ ဂုဏ်ထူးထွက်ခြင်းမျိုး မကြာခဏ ကြုံဖူးလိမ့်မည်။

တက်ကြွလွန်းလေ ရှုံးတတ်ပေ

မှတ်မိသေးသည်။ အဆောင်ကျောင်းသားဘ၀က “အဆောင် ဖဲဝိုင်းများ” လုပ်လျှင် – စိတ်ဓာတ်တက်ကြွစွာ စတင် ဆော်သြ စည်းရုံးသူသည် အမြဲ ရှုံးလေ့ရှိပြီး “လူမပြည့်သောကြောင့်” စိတ်မပါ့တပါ့ဖြင့် ၀င်ကစားသူများ နိုင်လေ့ရှိတတ်သည်။

အောကွက်မပေါက်၊ ရံကွက်ပေါက်

ချဲထီ၊ နှစ်လုံးထီ ကစားသူများ သတိထားမိလိမ့်မည်။ ပေါက်လျှင် “အောထိုးသော” အကွက်မှ ပေါက်ခဲလှပြီး “ရံထိုးသော” အကွက်များမှသာ ပေါက်လေ့ရှိသည်။ ထို့ပြင် တစ်နိုင်ငံလုံး “ဟော့” နေသောဂဏန်း မည်သည့်အခါမှ မပေါက်။

အိမ်ကိုမပြန် ခွက်ခွက်လန်

လောင်းကစားပွဲများတွင် အကြီးအကျယ် အနိုင်ရနေချိန်တွင် “ထ,မပြန်ဘဲ” ဆက်ပြီး လောဘကြီးစွာ ကစားသူများသည် နောက်ဆုံးတွင် တစ်ပြားမကျန်အောင် ရှုံးလေ့ရှိသည်။ (ဘ၀လောင်းကစားပွဲကလည်း ဒီလိုပါဘဲ၊ နိုင်တဲ့အခါမှာ အနိုင် ပိုင်းတတ်ဖို့လိုပါတယ်၊ လောဘကို အတောမသတ် နိုင်ရင်တော့ နောက်ဆုံး ခွက်ခွက်လန်အောင် ရှုံးခါပြီးခါမှ နောင်တ ရရပါ လိမ့်မယ်)

တွက်ရေးကတော့ စက်သူဌေး

ကျွန်ုပ် စီးပွားရေးသမားဘ၀က အလုပ် မစ, ရသေးခင် ဘယ်လောက်မြတ်မလဲ? လို့ အရင်ချတွက်ကြည့်သော လုပ်ငန်းဟူသရွေ့ မည်သည့် အခါမှ မအောင်မြင်ဘူးပါ။ မမြတ်စွန်းဘူးပါ။ (သူများတွေကို လေ့လာကြည့်တော့လည်း ဒီလိုပါဘဲ)

ပေါ်ပင်လုပ်ငန်း ဆင်းရဲလမ်း

အလုပ်တစ်ခုကို စိုက်လိုက်မတ်တတ် မလုပ်ချင်ဘဲ  ပေါ်ပင်စီးပွားရေးများ နောက်ကို လိုက်နေသူများ ဟာ ချမ်းသာမှုကြွယ်ဝမှုနဲ့ ကြာလေ ဝေးလေ ဖြစ်နေကြသူများ ဖြစ်ပါတယ်။ (အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ဖို့ လိုပါတယ်)

ဝိုင်းအုံလုယက် ဈေးကွက်ပျက်

စီးပွားရေးဈေးကွက်တစ်ခု  အလွန်ခေတ်စားလာပြီး လူအများစုပြုံတိုးဝှေ့လုပ်ကိုင်ကြသည်ဆိုလျှင် မကြာမှီ ထိုဈေးကွက် ပျက်လေတော့သည်။ (ကား,ကား ဆိုလျှင် ကား, လိုက်ကြသူများ၊ ပဲ,ပဲ ဆိုလျှင် ပဲ, လိုက်ကြသူများ သတိပြုဖွယ်)

ခေါင်းစီးတွေဟာ မပေါက်ပါ

သီချင်းစီးရီးသစ်တစ်ခု အောင်မြင်လာလျှင် သတိထားကြည့်ပါ။ စီးရီး “ခေါင်းစီးတပ်ထားသော သီချင်း” သည် “ပေါက်ခဲ” လှပြီး ခေါင်းစီး မဟုတ်သော စီးရီးအတွင်းမှ သီချင်းတစ်ခုခုကသာ “ပေါက်လေ့” ရှိသည်က ပိုများသည်။

အလုပ်ပြုတ်တာ ဒါ့ကြောင့်ပါ

မိမိ၏ လက်ရှိအလုပ်ထက် လစာပိုကောင်းမည့် အလုပ်တစ်ခုကို အမြဲမျှော်လင့် တမ်းတနေသူများသည် “မကြာခဏ အလုပ်ပြုတ်လေ့” ရှိသူများ ဖြစ်ကြသည်။

လစာမေးလျှင် မလိုချင်

စီးပွားရေး လုပ်ငန်းရှင်အတော်များများသည် ၀န်ထမ်းခေါ်ရာတွင် အလုပ်ကို အရင်မစုံစမ်းဘဲ “လစာကို အရင် မေးမြန်းသော သူများအား”  အလုပ်ခန့် လေ့မရှိကြပါ။ (အလုပ်ရှာနေသူများ သတိပြုဖွယ်)

နိုင်ချင်လေလေ ရှုံးလေလေ

အားကစားသမားတစ်ယောက်သည် လုံးဝ အနိုင်ရ , ရမည်ဟု စိတ်အားထက်သန်မှု ထားလွန်းလျှင် စိတ်လှုပ်ရှား၍ အမှားများစွာ လုပ်မိပြီး အရှုံးနှင့် ရင်ဆိုင်ရလေ့ရှိသည်။

မြင့်မြင့်ခိုင်လည်း ဒီလိုဘဲ

အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင် တစ်ခါက ပြောဘူးသည်။ ငယ်စဉ်အခါက သူနှင့် ခေတ်ပြိုင် မင်းသမီးများ တစ်ယောက်ပြီး တစ်ယောက် အကယ်ဒမီဆုများ ရရှိကုန်ကြသောအခါ သူလည်း အလွန်လိုချင်လှ၍ အရမ်းကြိုးစားခဲ့ကြောင်း။ သို့သော် မရခဲ့ကြောင်း။ နောက်ဆုံး အသက်အရွယ်ရလာ၍ စိတ်လျှော့ပြီး လူကြီးခန်း သရုပ်ဆောင်ချိန်ကျမှ အကယ်ဒမီ ရလာကြောင်း ပြောဖူးသည်။ (လိုချင်အဆုံးအချိန်တွင် မရဘဲ စိတ်လျှော့လိုက်မှ ရတတ်ပုံ)

ဖြစ်ရလေတယ် ကိုဦး ရယ်

မှတ်မိသေးသည်။ အကယ်ဒမီရုပ်ရှင်မင်းသားကြီး “၀င်းဦး” သည် တစ်ခါက သူ့မိတ်ဆွေ ဆရာနတ်နွယ် (ဟုထင်ပါသည်) ကို ပြောဘူးသည်။ သူသည် ရောဂါများတွင် “ကင်ဆာ”ရောဂါကို အကြောက်ဆုံးဖြစ်ပြီး ကင်ဆာအမျိုး အစားများ တွင်လည်း “အူမကြီးကင်ဆာကို အကြောက်ဆုံး” ဖြစ်သည်ဟူ၏။ (ကွယ်လွန်သောအခါ သူအလွန် ကြောက်သော အူမကြီး ကင်ဆာနှင့်ပင် ကွယ်လွန်သွားရရှာသည်)

.

ဒါတွေကတော့ လောကကြီးမှာ လိုချင်ရချင်တိုင်း/ဆန္ဒပြင်းတိုင်း မဖြစ်တတ်ပုံ ၊ အလိုဆန္ဒကို လျှော့ချလိုက်မှ ဖြစ်လာ တတ်ပုံ တွေပါ။ ဖြစ်ချင်တာလည်း မဖြစ်ရ၊ မဖြစ်ချင်တာမှ ဖြစ်ရတတ်တဲ့ ဘ၀သင်္ခန်းစာလေးတွေပါ။ ရေးမယ်ဆိုရင် အများ ကြီးရှိပါသေးတယ်။ စာမျက်နှာတွေ သိပ်များသွားမှာမို့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်။

စာဖတ်သူဟာ အသက် (၃၅) (၄၀)အရွယ်လောက် ရှိနေသူတစ်ဦးဆိုရင် ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘ၀ကို တစ်ချက် လောက် ပြန်စောင်းငဲ့ကြည့်စမ်းပါ။ ဖြစ်ချင်တာတွေ၊ ကြိုးစားခဲ့တာတွေက ဖြစ်မလာဘဲ မဖြစ်ချင်တာတွေ ဖြစ်လာရတာ အများကြီး ရှိပါလိမ့်မယ်။ ကိုယ်ဖြစ်ချင်တာတွေချည်း “ကွက်တိ” ဖြစ်လာခဲ့တဲ့လူဆိုလို့ တစ်ရာတစ်ယောက်၊ တစ်ထောင် တစ်ယောက် မပြောနဲ့ “လူတစ်သိန်းမှာ တစ်ယောက်” ရှိဖို့မလွယ်ပါဘူး။ မရှိဘူးလို့ မပြောပါဘူး။ ဒီလို အတိတ်ပါရမီ အလွန်ထူး သူမျိုးလည်း ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့် အရေအတွက်တော့ အလွန့်အလွန် နည်းလိမ့်မယ်။

ဒါကြောင့် မရေရာလှတဲ့ အနာဂါတ်အတွက် “လောဘတို့၊ ရည်မှန်းချက်တို့၊ ပန်းတိုင်တို့” ဆိုတဲ့ “လေးလံလှတဲ့ ၀န်ထုပ်တွေကို ပစ်ချလိုက်စမ်းပါ။ လွှတ်ချလိုက်စမ်းပါ။ “စီမံကိန်း” မရှိရဘူး မဟုတ်ပါဘူး။ “စီမံကိန်း” ဆိုတာ အကြမ်း တော့ရေးဆွဲထားပါ။ ဒါပေမယ့် အရေးကြီးတာက ပစ္စုပ္ပန်တဲ့တဲ့မှာရှိတဲ့ “အကြောင်းတရားပါ”။ မသေချာတဲ့ အနာဂါတ် မှာရှိတဲ့ “အကျိုးတရား” မဟုတ်ပါဘူး။

ယနေ့လုပ်နေတဲ့ အလုပ်အပေါ်မှာ စိတ်မ၀င်စားဘဲ မနက်ဖြန်မှာ ရလာမယ့် အကျိုးရလဒ်ကိုသာ မျှော်ကိုးနေသူဟာ အလွန်မိုက်မဲလှသူဖြစ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဘ၀အောင်မြင်မှုမျိုး ရနိုင်မှာ မဟုတ်ပါဘူး ။ ခဏတစ်ဖြုတ် အောင်မြင်မှုမျိုး တော့ ရချင်ရမှာပေါ့။ ထိုက်တန်တဲ့ “အကျိုးတရား” ကို လိုချင်ရင် ထိုက်တန်တဲ့ “အကြောင်းတရား” ကို ပေးကို ပေးရမယ်။

လူတွေ စီးပွားရှာကြတဲ့နေရာမှာ ကိုယ်ပိုင်လုပ်ငန်း နဲ့ ၀န်ထမ်းလုပ်ငန်း ဆိုပြီး (၂)မျိုးသာ ရှိပါတယ်။ ဘယ်လိုလုပ်ငန်းကို လုပ်သည်ဖြစ်စေ ကိုယ် ရယူလိုတဲ့ ငွေကြေးပမာဏနဲ့ ထိုက်တန်တဲ့ လုပ်အား၊ ၀န်ဆောင်မှု၊ ပစ္စည်း တွေကို ပြန်ပေးရမယ့် “အကြောင်းတရား” ရှိပါတယ်။

ဒါပေမယ့် လူတော်တော်များများဟာ (အလကားပေးဖို့မပြောနဲ့) တန်ရာတန်ကြေးကိုတောင် ပြန်မပေးချင်ကြပါဘူး။ ၀န်ထမ်းတွေ ကြည့်လိုက်ရင်လည်း အလုပ်ရှင် လစ်ရင် လစ်သလို အချောင်ခို မယ်၊ အသက်သာ ခိုမယ်၊ ပြီးရင်  ကိုယ့်အလုပ်ရှင် ဆီကို ပိုက်ဆံလာပေးမယ့် “ဖောက်သည်” တွေကို ရန်သူလို ဆက်ဆံကြမယ်။ မြန်မာနိုင်ငံက စူပါမားကတ်ကြီး အတော် များများမှာ ဒီလိုကိစ္စတွေကို အများဆုံးတွေ့ရပါတယ်။

အရောင်းဝန်ထမ်း တွေဟာ “ဖောက်သည်” တစ်ယောက် သူတို့နားကပ်လာရင်ဘဲ “ကိုယ့်ကိုယ် ဒုက္ခပေးမယ့် လူတစ် ယောက်တော့ ရောက်လာပြီ” ဆိုတဲ့ အကြည့်နဲ့ ကြည့်တတ်ကြတယ် ။ ပြီးရင် မချေမငံ ပြန်ပြောမယ်။ ဆိုင်မှာ လူပါးတဲ့ နေ့ဆိုရင် အလွန် ၀မ်းမြောက်ဝမ်းသာ ရှိမယ်။ (ဒါပေမယ့် အရောင်းပါးလွန်းလို့ ဆိုင်ပြုတ်သွားရင် သူတို့လည်း အလုပ်ပြုတ် သွားမယ်ဆိုတာကို မစဉ်းစားမိကြဘူး)

ကိုယ်ပိုင်လုပ်ငန်းသမားတွေလည်း ဒီလိုပါဘဲ။ ကိုယ့်ဖောက်သည်ဆီက (၁၀၀)ဖိုး အပြည့်ယူပြီး ပြန်ပေးတော့ (၈၀)ဖိုး လောက်ဘဲ ပြန်ပေးချင်တယ်။ အလေး၊ အချိန်အတွယ်ပေါ်မှာ “ခိုး” မယ်။ ပစ္စည်းအရည်အသွေးပေါ်မှာ “ခိုး” မယ်။ အတု ကို အစစ်လို့ပြောရောင်းမယ်။ ဒီလို မရိုးမသားနဲ့ မြိုးမြိုးမြတ်မြတ် ရတာလေးကိုဘဲ “ငါ စီးပွားရှာတာ သိပ်တော်တယ် လို့” ထင်နေသေးတယ်။ လူတွေကလည်း ငတုံး ငအ တွေမှ မဟုတ်တာ။ တစ်ခါ နှစ်ခါတော့ ရမှာပေါ့။ ရေရှည်ကျတော့ ဖောက်သည်တွေ “လန်” ပြီး လုပ်ငန်းပြုတ်တာပါဘဲ။

အနောက်နိုင်ငံကြီးတစ်ခုရဲ့ စာရင်းပြုစုချက်အရ ဆိုရင် စီးပွားရေး လုပ်ငန်းသစ် (၁၀)ခုမှာ (၅) ခုဟာ ပထမ (၂)နှစ် အတွင်း ပြုတ်သွားကြသည် တဲ့။ ကျန်(၃)ခုဟာ နောက်(၃)နှစ်မှ (၅)နှစ်အတွင်း ထပ်ပြုတ်ကြသည် တဲ့။ နောက်ဆုံးကျန်တဲ့ (၂)ခုသည် သာ အောင်မြင်စွာ ရပ်တည်နိုင်ကြသည် တဲ့။ ဒီစာရင်းဇယားဟာ သာမန် ရိုးရိုးနှစ်ပိုင်းတွေထဲက သုတေသန ပြုချက်တွေနော်။ စီးပွားပျက်ကပ်ထဲမှာ မဟုတ်ဘူး။ စီးပွားပျက်ကပ်နဲ့ ကြုံရင် နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ကုမ္ပဏီကြီး တွေတောင် ကသောင်းကနင်း ဖြစ်နိုင်ပါသေးတယ်။

ကဲ- ကိုယ်ပိုင် စီးပွားရေး လုပ်ကြမည့်သူများအတွက် ကိုယ့် အလုပ်ဟာ (၅)နှစ်မကျော်မခြင်း “စိတ်မချရသေးဘူး” လို့သာ အောက်မေ့လိုက်ကြပေတော့။

ဒီတော့ ဒီလို ၀န်ထမ်းတွေ မကြာခဏ အလုပ်ပြုတ်ကြ၊ အလုပ်မပြုတ်ရင်လည်း ရာထူးလည်းမတက်၊ လစာလည်း မတက် ဖြစ်ကြ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတွေမှာလည်း စီးပွားဖြစ်လိုက်ကြ၊ တော်ကြာ ပြန်ပျက်လိုက်ကြ ဘာလို့ဖြစ်နေ ကြတာလည်း ဆိုတာကို စာရင်းချကြည့်လိုက်တော့ “အကျိုးတရား” ကိုသာ “လောဘ” နဲ့ မျှော်ကိုးနေကြပြီး “အကြောင်းတရား” ကိုတော့ ခိုင်လုံ အောင်လုပ်ဖို့ ပျက်ကွက်ခဲ့ကြတာကို ကျွန်တော်သွားတွေ့ရပါတယ်။ (၁၉၉၈ခုနှစ် မတိုင်ခင်အထိ ကျွန်တော်လည်း ဒီအထဲမှာ ပါခဲ့ပါတယ်။ နှယ်နှယ်ရရ မှတ်လားဗျာ။ အလုပ် (၁၀)ခုလောက် ပြောင်းခဲ့သူပါ ခင်ဗျ။ ပြန်ပြောရတာ “ရှက်လည်း ရှက်ပါရဲ့ . . .  ရှက်လည်း မရှက်တော့ပါဘူး” ဆိုတာလို ဖြစ်နေပါပြီ။ သင်္ခန်းစာ ယူကြစေချင်လို့ပါ။

ဒါကြောင့် ကျွန်တော်ဟာ ဒီဆောင်းပါးကို စိတ်ကူးယဉ်ပြီး ရေးတယ်လို့ မထင်ကြပါနဲ့ဗျာ။ အင်မတန် ခါးသီးနာကျည်းစရာ ကောင်းလှတဲ့ စီးပွားပျက်မှုကြီးကို ခံစားခဲ့ရတဲ့ သူတစ်ယောက်က ကိုယ်တွေ့ရေးနေတာပါ။ ၁၉၉၈ ခုနှစ် နောက်ဆုံး စီးပွားပျက် တဲ့အချိန်မှာ ရှိသမျှအကုန်ပေါင်နှံရောင်းချပြီး (အိမ်မငှားနိုင်တော့လို့) ညီဝမ်းကွဲတစ်ယောက်ရဲ့ ဂိုဒေါင်ကြီးတစ်လုံး ထဲမှာ သွားနေရတဲ့အဖြစ်ပါ။ မျက်နှာလေး အောက်ချပြီး ဟိုဆွေမျိုးဆီ ပြေးပြီးပိုက်ဆံချေးရ၊ ဒီမိတ်ဆွေဆီ ပြေးပြီး ပိုက်ဆံ ချေးရ နဲ့ မနက်စာ, ညစာ အတွက်တောင် ဒုက္ခရောက်ခဲ့ရပါတယ်။ ကျန်းမာရေးဖောက်လာတာတောင် ဆေးမကုနိုင်ခဲ့ပါဘူး။

ဒီအဖြစ်အပျက်တွေကို မသိဘဲ ကျွန်တော်ရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး “ခင်ဗျားကတော့ တော်တော် ကံကောင်း တဲ့လူပါဗျာ” လို့ ပြောနေတဲ့ မိတ်ဆွေ ဗေဒင်ဆရာတွေကို ကြည့်ပြီး ကျွန်တော် ပြုံးမိတယ်။ သူတို့ ကျွန်တော့်လောက် ဒုက္ခမရောက်ဘူး သေးပါဘူး။

ဇနီးသည်ရယ်၊ လူမမယ် ကလေးက (၃)ယောက်ရဲ့ တာဝန်ရယ်သာ မရှိခဲ့ရင် လူ့ဘောင်ကို အပြီးစွန့်ပြီး သာသနာ့ ဘောင်ကိုအပြီး ၀င်ဖြစ်သွားမယ် ထင်ပါတယ်။ သူတို့တာဝန်ကြောင့်သာ နောက်ဆုံး “အကြံကုန် ဂဠုန်ဆားချက်” ဆိုတာလို ကိုယ်တတ်ထားတဲ့ ဗေဒင်ပညာလေးနဲ့ အသက်ဆက်ခဲ့ရတာပါ။ ကိုယ် မလုပ်ချင်ဆုံး ဗေဒင်ဆရာ အလုပ်ကို လုပ်ခဲ့ ရသူပါ။

ဒီလို (၁၃)နှစ်လုံးလုံး အမောဆို့အောင် ကုန်းရုန်းရှာလိုက်ရတဲ့အကျိုးကတော့ နောက်ဆုံး ကုန်းကောက်စရာ မရှိအောင် မွဲသွားတဲ့အဖြစ်ပါဘဲဗျာ။ ဒါကြောင့် စီးပွားရှာရတာ စိတ်နာလွန်းလို့ “ထမင်းစားရရင် တော်ပါပြီ” ဆိုတဲ့စိတ် ကလေးနဲ့ ဘ၀ကို ပြန်စ, ခဲ့ရတာပါ။ တကယ်လည်း ချမ်းသာချင်စိတ် မရှိခဲ့တော့တာပါ။ ပင်ပန်းလွန်းလို့ပါ။

အဲဒီလို စိတ်ပိုင်းဖြတ်လိုက်တော့မှဘဲ “ကံတရားက ကျီစယ်လေသလား” အောက်မေ့ရတယ်။ အလုပ်အကိုင်က ဖြောင့်တန်း လာတော့တာဘဲကိုး။ ဖြစ်ရလေတယ်။ အစက သိမှ မသိခဲ့ဘဲ။ (၁၃)နှစ်လုံးလုံး ပင်ပန်းလိုက်တာဗျာ။

၁၉၉၈ခုနှစ်ကနေ ပြန်ပြီး ဘ၀သစ် စ,ခဲ့ရတဲ့ ယခု(၁၂)နှစ်အတွင်းမှာတော့ အရမ်း ကြီးပွားချင်စိတ်ဆိုတာ နောက်ထပ် မပေါ်လာ တော့သလို မရိုးမသားလည်း ဘာမှ မလုပ်ခဲ့တော့ပါဘူး။ (စီးပွားရေးသမားဘ၀တုန်းက မရိုးမဖြောင့်လုပ်ခဲ့တာတွေ ရှိတယ် ဆိုပေမယ့် အကျဉ်းအကျပ်ထဲကို ကျနေတဲ့အချိန်မှာ မလွှဲမရှောင်သာ လုပ်ခဲ့ရတာမျိုးပါ။ ပင်ကိုယ်ဗီဇအရတော့ ညစ်ပတ် ကောက်ကျစ်တဲ့စိတ် မရှိရိုး အမှန်ပါ)

လူတွေ အထင်သေးတတ်တဲ့ ဗေဒင်ဆရာဘ၀ကို ရောက်ပြီးမှ  နောက်ထပ်ပြီး အထင်သေး မခံရအောင် အလွန်ဖြူစင် ဖြောင့်စင်းစွာနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ကိုယ့်ဖောက်သည်တွေအပေါ်မှာ စေတနာအပြည့်ထားပြီး အလုပ်ကို လုပ်ခဲ့ပါတယ်။ အလုပ်လုပ်ရာမှာ အမှားအယွင်းလေးတွေ ရှိကောင်းရှိနိုင်ပေမယ့် မရိုးဖြောင့်တဲ့စိတ်နဲ့ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ (ကျွန်တော့်ဆီမှာ တစ်ဆွေလုံး တစ်မျိုးလုံး နာမည်ပေးနေကြတဲ့ ဖောက်သည်တွေ ကျွန်တော့အကြောင်းကို ကောင်းကောင်း သိကြပါတယ်)

ဒါကြောင့် ချစ်လှစွာသော စာဖတ်သူ ညီအစ်ကို မောင်နှမများခင်ဗျား။ ကိုယ့်ရဲ့ ဘ၀လေးကို သာယာဖြောင့်ဖြူးစေလိုတယ် ဆိုရင် အင်မတန် ဒုက္ခပေးတတ်တဲ့ “လောဘတရား” ကို စွန့်လွှတ်လိုက်ကြပါတော့ခင်ဗျား။ ဘ၀ခရီးမှာ တစ်လျှောက်လုံး ထမ်းပိုး လာခဲ့ရတဲ့ ဒီ လောဘ၀န်ထုပ်ကြီးကို ခင်တွယ်မနေတော့ဘဲ ပြတ်ပြတ်သားသား ပစ်ချလိုက်ပြီး ၀န်ထုတ်မပါဘဲ လွတ်လပ် ပေါ့ပါးစွာ နဲ့ ဘ၀ခရီးကို လျှောက်လှမ်းကြည့်ကြပါ။ ဘ၀ခရီးကို လျှောက်ရာမှာ အင်မတန် ပေါ့ပါးသွက်လက် လာပါလိမ့်မယ်။

စီမံကိန်းတို့၊ ရည်မှန်းချက်တို့၊ ပန်းတိုင်တို့ဆိုတာလည်း လောဘတရားရဲ့ လက်အောက်ခံတွေပါ ။ အတူတူပါဘဲ။ လူတွေက တစ်သက်လုံး သူတို့ကို ထမ်းပိုးလာရတာ ကျင့်သားရနေတော့ လွှတ်ချရမှာကိုဘဲ သိပ်ခက်ခဲမယ် ထင်နေတတ်ကြပါတယ်။ သူတို့မရှိရင် မဖြစ်နိုင်ဘူးလို့ ထင်နေတတ်ကြတယ်။ အနာဂါတ် ပျောက်သွားမှာပေါ့လို့ ထင်သူက ထင်ကြတယ်။

တကယ်တော့ ဘယ်သူမှ အနာဂါတ်ကို မပိုင်ကြပါဘူး။ တစ်ချို့လူငယ်တွေက ကိုယ့်အနာဂါတ်ဟာ ကိုယ့်လက်ထဲမှာ ရှိတယ်လို့ ကြုံးဝါးကြသေးတယ်။ ဘာမှမငြင်းလိုပါ။ ကျွန်တော်လည်း ကြုံးဝါးခဲ့ဘူးပါတယ်။ ကျွန်တော့လိုဘဲ အသက်က စကားပြော လာတဲ့အချိန်မှာ အမှန်တရားကို သိလာ ပါလိမ့်မယ်။

ကျွန်တော်တို့ ပိုင်ဆိုင်တာ အခု လက်ရှိ ပစ္စုပ္ပန်တဲ့တဲ့ အချိန်ပါဘဲ ။ ဒီထက် ပိုပြီး မပိုင်နိုင်ပါဘူး။ ကွေးသောလက် မဆန့်ခင် ဆိုတဲ့ စကားလို နောက်တစ်နာရီအတွင်း မထင်တာတွေ အကုန်ဖြစ်နိုင်ပါတယ်။ နောက်တစ်နာရီအတွင်းမှာ ကမ္ဘာလည်း ပျက်သွားနိုင်ပါတယ်။ ကိုယ့်ဘ၀ကို ကိုယ်ပိုင်တယ်၊ ကိုယ့်အနာဂါတ်ဟာ ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုရင် “ဆေးရုံတို့၊ သုသာန် တို့၊  မီးသင်္ဂြိုဟ်စက်” ဆိုတာတွေ  ရှိစရာ အကြောင်းမရှိပါဘူး

ကိုယ့်ကိုယ်ကို “မအို,အောင်၊ မနာ,အောင်၊ မသေ,အောင်” မလုပ်နိုင်ဘဲနဲ့ “ကိုယ့်ဘ၀ကို ကိုယ်ပိုင်တယ်” ဆိုတဲ့စကားဟာ ပြောသင့်/မပြောသင့် ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်ကြပါတော့ဗျာ။

ဒီတော့အနာဂါတ် ရည်မှန်းချက်၊ စီမံကိန်း၊ ပန်းတိုင် စတဲ့ မရေရာတဲ့ အနာဂါတ်အကျိုးတရားတွေထက် ၊ ရေရာတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေကိုသာ “စေတနာ” အပြည့်နဲ့ လုပ်လိုက်ကြရ အောင်လားဗျာ။ ပထမဆုံး လုပ်ရမှာက-

(၁) အနည်းဆုံး ကိုယ်ယူထားတဲ့ ပိုက်ဆံနဲ့ ညီမျှတဲ့ တန်ရာတန်ကြေးလေးကို စ, ပေးကြည့်ပါ။

(၂) ဒီထက် တတ်နိုင်ရင် “တန်ရာတန်ကြေး” အပေါ်မှာ “စေတနာ” ကို ထပ်ပေါင်းထည့်ပေးပါ။

(၃) ဒီထက် ပိုပြီး တတ်နိုင်သေးရင် ပိုက်ဆံမရတဲ့ စေတနာ့ဝန်ထမ်း အလုပ်တွေကိုပါ တွဲပြီး လုပ်ကြည့်ပါ။

ကိုယ်ကိုးကွယ်တဲ့ဘာသာ မဟုတ်ပေမယ့် သဘောကျတာလေးတစ်ခုရှိလို့ ဖော်ပြခွင့်ပြုပါ။ “တမန်တော်မိုဟာမက်” က ပြောဖူးတယ်။ ကုသိုလ်ဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာကို ပြုံးရွှင်လာအောင် လုပ်ခြင်း တဲ့။ သိပ်ကောင်းတဲ့ စကားလေးပါ။ နေ့တိုင်းနေ့တိုင်း ကိုယ်နဲ့ဆက်ဆံရနေတဲ့ လူတွေရဲ့ မျက်နှာကို ပြုံးရွှင်လာအောင် စွမ်းဆောင်ကြည့်ပါ။ သူများကို စိတ်ချမ်းသာ အောင် လုပ်ရင် ကိုယ်လည်း စိတ်ချမ်းသာမှုကို တန်ပြန် ခံစားရပါလိမ့်မယ်။

နေထိုင်မှု Life Style ပြောင်းလဲတာကလည်း ထင်သလောက် မခက်ပါဘူး။ Practice makes Perfect ဆိုတဲ့ စကားလေးလို ပထမပိုင်းသာ အလေ့အကျင့်လုပ်ပေးရမှာပါ။ အလေ့အကျင့်များလာရင် သိပ်တောင် ကြိုးစားမနေရဘဲ လောဘကင်းကင်းနဲ့ ချမ်းသာစွာ နေတတ်လာပါလိမ့်မယ်။

လောဘ ကင်းစွာ

စေတနာ ဖြင့်

မျက်နှာ ပြုံးရွှင်

လူချစ်ခင် အောင်

နေထိုင် သွားက

ချမ်းသာ ရ

ဆိုတဲ့ (ကိုယ်တိုင်စပ်ဆိုထားတဲ့) ကဗျာလေးအတိုင်း  ကျင့်သုံးသွားကြမယ်ဆိုရင် သာယာဖြောင့်ဖြူးတဲ့ အနာဂါတ်ဟာ တောင့်တစရာ၊ ဆုတောင်းစရာ မလိုအောင် ရရှိလာပါလိမ့်မယ်ဆိုတာကို (ကိုယ်တွေ့မို့) ယုံကြည်ကြပါလို့ တိုက်တွန်း လိုက်ရပါသည် ခင်ဗျား။

ဘာမှ ခက်ခက်ခဲခဲ လုပ်ရန် မလိုပါ။ ကိုယ့်စိတ်ထဲမှာ ကောင်းတယ်ထင်ပြီး တသက်လုံး ထမ်းလာခဲ့တဲ့ “လောဘ”၀န်ထုပ်ကြီးကို လွှတ်ချခဲ့ပြီး သွက်လက်ပေါ့ပါးစွာနဲ့ ဘ၀ခရီးကို ဆက်လျှောက်သွားတာများ ဘာခက်လို့လဲဗျာ ။ ပြီးရင် ကိုယ်လုပ်နေကျ အလုပ်တွေကို လုပ်မြဲအတိုင်း (လောဘ မပါဘဲ) လုပ်သွားဖို့ပါ။ ဒီမှာ “စေတနာ” တို့၊ “အနစ်နာခံမှု” တို့ကိုပါ ပေါင်းထည့် ပေးနိုင်ရင်လည်း ထည့်ပေး။ မထည့်ပေးနိုင်လို့ ဒီတစ်ခုဘဲ လွှတ်ချခဲ့ရင်ကို ဟုတ်လှပြီ။

ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဒီလို “လောဘ” ကို စွန့်လွှတ်လိုက်ရင် “စေတနာ” တို့ “အနစ်နာခံမှု” တို့ဆိုတာ သူ့အလိုလို ၀င်လာတာမျိုးဗျ။ ဒီ “လောဘ” ဆိုတဲ့စိတ်က “စိတ်ကောင်းမှန်သမျှ” ကို အကုန် ပိတ်ဆို့ထားတာကိုးဗျ။ လက်တွေ့ ကျင့်သုံး ကြည့်ပါဗျာ။ သိပါလိမ့်မယ်။ ကနေ့ စ,လုပ်ကြည့်။ ကနေ့ စိတ်ချမ်းသာမှုကို စ,ပြီး ခံစားရလိမ့်မယ်။ ဘ၀အဆင်ပြေမှုတို့ဘာတို့ ဆိုတာ နောက်ထား။ ပထမဆုံး ရလာမှာက “စိတ်အေးချမ်းမှု ”၊ “ပေါ့ပါးသွားတာကို ခံစားရမှု” ပါ။

ဆောင်းပါးက အတော်ရှည်နေပြီမို့ ခဏရပ်ရပါဦးမည်။ လေကြောရှည်သွားခြင်းကို ခွင့်လွှတ်ပါ။ ကျန်အပိုင်းများကို နောက်ရက် များမှာ ဆက်တိုက် တင်ပေးပါမည်။ ဒါပေမယ့် ဒီလောက်သိပြီး၊ ဒီလောက်နဲ့ စ,လုပ်မယ် ဆိုရင်ဘဲ လုံလောက် နေပါပြီ။

ကျန် ဆောင်းပါးများကို ဆက်ဖတ်လိုလျှင်လည်း ဖတ်နိုင်ပါသည်။ အလုပ်မအား၍ မဖတ်နိုင်လျှင်လည်း ဒီမျှနှင့် ရနေပါပြီ။

.

ညီအစ်ကို မောင်နှမများအားလုံး သာယာချမ်းမြေ့သော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

ဝင်ရောက်ဖတ်ရှုသူပေါင်း=104
  • Share/Bookmark

Leave a comment

# ဘ၀အတွက် အကောင်းဆုံးယတြာ . . အပိုင်း (၂)

ဘ၀အတွက် အကောင်းဆုံး ယတြာ အပိုင်း (၁)ကို ဖတ်ပြီး “ဘာလဲဟ၊ ဘာလဲဟ” ဆိုပြီး ဆန့်တငင်ငင် ဖြစ်နေကြတဲ့ စာဖတ် ပရိတ်သတ် များကို ရှေးဦးစွာ တောင်းပန်လိုပါတယ်။ တမင်သက်သက် အချိန်ဆွဲထားတာတော့ မဟုတ်ပါ။ ကိုယ့်အနေနဲ့ ဒီယတြာကို လက်တွေ့ ကျင့်သုံးနေပြီး လက်တွေ့ အကျိုးထူးများခံစားနေရပေမယ့် ဒီလို သိပ်ကောင်း ပါတယ်ဆိုတာ အခြားသူ တွေ လက်ခံလာအောင် (စာနဲ့) ရှင်းပြရတဲ့နေရာမှာ အခက်အခဲ ရှိပါတယ်။

အခြား အဆောင်လက်ဖွဲ့ တွေလို “ရော့- အင့်” ဆိုပြီး လက်ထဲ ထည့်ပေးလို့ရတာမျိုးကလည်း မဟုတ်ပြန်။ “ထိုက်တဲ့လူ ယူကြကွာ” ဆိုပြီး “ဘ၀အတွက် အကောင်းဆုံး ယတြာဆိုတာ ဒါဘဲကွ” ဆိုပြီး ဆရာကြီး အပြောမျိုးနဲ့ ပြီးစလွယ် ပေးလိုက်ရင်ကော မဖြစ်ဘူးလားဆိုရင်  ဖြစ်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စေတနာက လူအများစု တကယ်လက်ခံ ကျင့်သုံးချင်လာအောင် စည်းရုံးလှုံ့ဆော်ပေးချင်တဲ့ ဆန္ဒကြောင့် လူတိုင်း လက်ခံချင်လာမယ့် စကားအသုံးအနှုံး ၊ ဥပမာ- ဥပမေယျ တွေကို ရွေးချယ်နေရတာမို့  နဲနဲ အချိန်ယူနေရပါတယ်။ မိမိရဲ့ ဆိုလိုရင်းကို စာဖတ်သူ ရှင်းလင်းပြတ်သားစွာ နားလည်သွားစေမယ့် တင်ပြပုံ (Presentation) မျိုးဖြစ်အောင် အားထုတ် နေရပါတယ်။

တကယ်တော့ “ယတြာ”လို့သာ တင်စားပြောလိုက်ပေမယ့် အများနားလည်နေကြတဲ့ “ယတြာ” မျိုး လုံးဝ မဟုတ်ပါဘူး။ လူတွေဟာ အဆိုးကြုံလာရင် “ယတြာ” ချေဖို့သာ စဉ်းစားနေကြတာမို့ ယတြာနေရာမှာ အစားထိုးလို့ရမယ့် စကား အနေနဲ့ သုံးနှုံးတင်စား လိုက်တာပါ။ အမှန်တကယ်ကတော့ ယတြာမဟုတ်ပါဘူး။ “ဘ၀နေနည်း” တစ်မျိုးပါ။ “ဘို” လို ပြောရရင်တော့ “Life Style” တစ်မျိုးပေါ့။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် “Life Style” နဲ့မှမတူတဲ့ “Life Style” ပါ။

ဒီ “Life Style” နဲ့သာ ကျင့်သုံးနေထိုင်သွားမယ်ဆိုရင် ဘ၀ဟာ ယတြာချေဖို့ မလိုလောက်အောင် ချောမွေ့သာယာလာမှာမို့ “ဘ၀အတွက် အကောင်းဆုံးယတြာ” လို့ တင်စားလိုက်တာပါ။

.

တစ်ချို့လည်း ကျင့်သုံးမှန်းမသိ ကျင့်သုံး နေမိတတ်ပါတယ်။ ဒါပေမယ့်  ကိုယ့်ဟာကိုယ် သတိမထားမိကြဘူး။ ကိုယ့်ဘ၀ က တစ်နေ့ထက်တစ်နေ့ အဆင်ပြေလာတယ်။ ပြဿနာတွေ နည်းလာတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိဘူး။ ဒီလို ဘာကြောင့်မှန်း မသိတာလည်း အန္တရာယ်ရှိပါတယ်။ ပုထုဇဉ်လူသားများပီပီ အဆင်ပြေချောမွေ့လာတဲ့ ကိုယ့်ဘ၀/ ကိုယ့်စွမ်းဆောင်ချက်တွေအပေါ်မှာ သာယာလာပြီး “Life Style” အဟောင်းဘက်ကို ပြန်ရောက် သွားတတ်ပါတယ်။ အဲဒီ အချိန်မှာ အဆင်မပြေမှု၊ အခက်အခဲ ပြဿနာတွေ ပြန်ကြုံလာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် နှစ်အတော်ကြာအောင် ကျင့်သုံးမှန်းမသိ ကျင့်သုံးနေပြီး “သြော်- ဒါကြောင့်ပါလား”- လို့ သိလိုက်ရတာ (၁၅)ရက်လောက်ဘဲ ရှိပါသေးတယ်။ သိ, သိခြင်းဘဲ ကိုယ့်အသိလေးကို  ၀မ်းသာအားရ ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။

.

တစ်ခုတော့ကြိုပြောချင်ပါတယ်။ ကျွန်တော် တင်ပြမယ့်အကြောင်းဟာ လုံးဝ,လုံးဝ အသစ်အဆန်း ဖြစ်တဲ့ နည်းတစ်ခုတော့ မဟုတ်ဘူးနော်။ ကမ္ဘာ့ လူသားတွေကိုးကွယ်ကြတဲ့ ဘာသာတရားအတော်များများမှာ သင်ကြားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေက မသိကြဘူး။ ကမ္ဘာ့ ဘာသာတရားကြီးတွေကို တည်ထောင်ခဲ့တဲ့ “ဗုဒ္ဓ” “ယေရှု” “တမန်တော်မိုဟာမက်” တို့ထက် ပိုသိတယ်, တတ်တယ်လို့ ထင်နေတဲ့သူတွေကြောင့် “ဒီ တရား” ဟာ တိမ်မြုတ် နေရတာပါ။ ဒါကြောင့် ကျွန်တော် တစ်ခုတောင်းပန်ချင်တာက ကိုယ့်ကိုယ်ကို “ဗုဒ္ဓ” “ယေရှု” “တမန်တော်မိုဟာမက်” တို့ထက် ပိုသိတယ်, ပိုတတ်တယ်လို့ ယူဆ ထားတဲ့သူတွေ ဒီဆောင်းပါးကို ဒီနေရာကနေ ဆက်မဖတ်ကြပါနဲ့။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ပါတယ်။ တကယ် စေတနာနဲ့ ပြောတာပါ။

စာဖတ်သူများ ခင်ဗျား။ ကျွန်တော် စကားပလ္လင်ခံနေတာတွေလည်း များနေပါပြီ။ စိတ်ဝင်တစားနဲ့ ဖတ်နေတဲ့ သူတွေလည်း “ဘာလဲ” ဆိုတာ သိချင်လှပြီ။ ခွင့်လွှတ်ပါ။ တမင်လုပ်တာ မဟုတ်ပါဘူး။ သိပ်အရေးကြီးတဲ့ စကားမို့ “ဂုဏ်တင်ပေးနေတယ်” မှတ်ပါ။ ပေါ့ပေါ့လေး ပြောလိုက်ရင် ပေါ့ပေါ့လေးဘဲ ထင်သွားမှာ စိုးရိမ်လို့ပါ။

ကျွန်တော် ပြောပါတော့မယ်။ သေသေချာချာဖတ်ပါ။ ဖတ်ပြီးရင် သေသေချာချာ ပြန်တွေးပါ။ ပြီးစလွယ် မှတ်ချက် မချလိုက်ပါနဲ့။ အားလုံးအပေါ်မှာ ကောင်းစေချင်တဲ့ စေတနာကြောင့်ပါ။ ဘာလဲဆိုတော့-

လူတိုင်းလူတိုင်းမှာ ကိုယ့်ဘ၀ ရှေ့အနာဂါတ်မှာ ကိုယ်ဖြစ်ချင်၊ ကိုယ်ရချင်တဲ့ - ရည်မှန်းချက်၊ ကြံရွယ်ချက်၊ ဘ၀စီမံကိန်း၊ မျှော်လင့်ချက်၊ ဓနဥစ္စာ ချမ်းသာကြွယ်ဝလိုမှု၊ ရာထူးအာဏာတိုးတက်ရယူလိုမှု . . . အစရှိတဲ့ အရာတွေ ရှိကြပါတယ်။ ဒါတွေတစ်ခုမှ မရှိသူဟာ “အရိယာ သူတော်ကောင်း စစ်စစ်” များဖြစ်ချင်ဖြစ်မယ်။ မဖြစ်ရင် “ရူးသွပ်နေသူ” ဖြစ်လိမ့်မယ်။ ကျန်သူအားလုံးမှာ ရှိကြပါတယ်။ လက်ခံပါရဲ့လားခင်ဗျာ။

ဟုတ်ပါပြီ။ လက်ခံတယ်ဆိုရင် ကျွန်တော် ဆက်ပြောပါမယ်။ ဘ၀အတွက် အကောင်းဆုံးယတြာ (တနည်း) ဘ၀အတွက် အကောင်းဆုံး Life Style ကတော့ အခြားမဟုတ်ပါ။ အဲဒီ ကိုယ့်သဏ္ဍန်မှာ ရှိတဲ့ အနာဂါတ်နဲ့ ပက်သက်တဲ့ ရည်မှန်းချက်၊ ကြံရွယ်ချက်၊ ဘ၀စီမံကိန်း၊ မျှော်လင့်ချက်၊ ဓနဥစ္စာ ချမ်းသာကြွယ်ဝလိုမှု၊ ရာထူးအာဏာ တိုးတက်ရယူလိုမှု . . . အစရှိတဲ့ “လောဘ, လိုချင်ခြင်း” တရားတွေကို အပြီးအပိုင် စွန့်လွှတ်ပစ်လိုက်ပါ ။ ဆုပ်ကိုင် ထားရာကနေ လွှတ်ချ ပစ်လိုက်ပါ။ လုံးဝ မေ့ပျောက်လိုက်ပါ။ ပြီးရင် ကိုယ့်ဘ၀ကို “မျှော်လင့်ခြင်း၊ လိုချင်ခြင်း၊ တောင့်တခြင်းများ . . .  ကင်းမဲ့စွာ” နဲ့ ဆက်ပြီး ရှင်သန်ဖို့ပါဘဲ။

နောက်တစ်ခေါက် ထပ်ပြီး ပြောပါဦးမယ်

. . ကိုယ့်သဏ္ဍန်မှာ ရှိတဲ့

. . အနာဂါတ်နဲ့ ပတ်သက်တဲ့

. . ရည်မှန်းချက် , ကြံရွယ်ချက် , ဘ၀စီမံကိန်း၊

. . မျှော်လင့်ချက် , ဓနဥစ္စာ ချမ်းသာကြွယ်ဝလိုမှု , ရာထူးအာဏာတိုးတက်ရယူလိုမှု . . .

. . အစရှိတဲ့ “လောဘ, လိုချင်ခြင်း” တရားတွေကို အပြီးအပိုင် စွန့်လွှတ်ပစ်လိုက်ပါ။

. . ဆုပ်ကိုင်ထားရာကနေ လွှတ်ချ ပစ်လိုက်ပါ။ လုံးဝ မေ့ပျောက်လိုက်ပါ။

. . ပြီးရင် ကိုယ့်ဘ၀ကို “မျှော်လင့်ခြင်း၊ လိုချင်ခြင်း၊ တောင့်တခြင်းများ . . . ကင်းမဲ့စွာ” နဲ့ ဆက်ပြီး ရှင်သန်ဖို့ပါဘဲ။

.

သင် ဘယ်လိုဖြစ်သွားပါသလဲ ?

.

(၁) ကိုယ်ထင်တာနဲ့ တခြားစီဖြစ်သွား ပါသလား ။ ဖြစ်သွားတယ်ဆိုရင်လည်း ကျွန်တော် မအံ့သြပါ။ ဒါပေမယ့် စိတ်နဲနဲ ရှည်ရှည်ထားပြီး ဆက်ဖတ်ပါဦး။

(၂) “လူ့ဘ၀ဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်ရတယ်” ဆိုတဲ့ စကားနဲ့ ဆန့်ကျင်နေလို့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ယူဆ လိုက်ပါသလား။ အနာဂါတ် စီမံကိန်းတွေ မရှိဘဲ ဘယ်လိုလုပ် အလုပ်လုပ်လို့ရမလဲလို့ ပြောချင်ပါသလား။ ဒီလို ယူဆတယ်/ ပြောချင်တယ် ဆိုရင်လည်း စိတ်ရှည်ရှည်ထားပြီး ဆက်ဖတ်ပါဦး။

(၃) ဒါမှ မဟုတ် “ဒါများ ငါ, သိပြီးသားပါကွာ” ဆိုတဲ့ စိတ်များဖြစ်ပေါ်လာပါသလား။ ဒါဆိုရင်တော့ ဆက်ဖတ်ပါလို့ ကျွန်တော်မတောင်းဆိုတော့ပါ။ ဒီလို လူမျိုးအတွက် ဒီဆောင်းပါးကို ဆက်ဖတ်စရာ မရှိတော့ပါ။ “ငါ သိပြီးသားပါကွာ” ဆိုသူဟာ “လုံးဝစင်ကြယ်တဲ့ အရိယာ သူတော်ကောင်းတစ်ဦး” ဖြစ်ချင်ဖြစ်လိမ့်မယ်။ မဖြစ်ရင်လည်း လောကီနယ်မှာ အလွန်ကျေနပ်စရာကောင်းတဲ့ ဘ၀တစ်ခု” ကို ပိုင်ဆိုင်နေသူ ဖြစ်လိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ “ငါ သိပြီးသားပါကွာ” ဆိုပြီး ဒုက္ခပင်လယ်ဝေနေသူဟာ တကယ်မသိသေးသူသာ ဖြစ်ပါလိမ့်မယ်။ သူတို့နဲ့တော့ ကျွန်တော်ပြိုင်ပြီး မငြင်းလိုတော့ပါ။

ကျန်တဲ့ လူတွေအတွက် ကျွန်တော် ဆက်ပြောပါမယ်။ ဒီလို မျှော်လင့်ချက်တို့၊ ဘ၀စီမံကိန်းတို့ မရှိဘဲ အလုပ်ကို ဘယ်လိုဆက်လုပ်လို့ရမှာလဲလို့ တစ်ချို့က ပြောကြမယ်။ ဘာလို့မရ ရမှာလည်း။ ကိုယ်လုပ်လက်စ၊ လုပ်နေကြ အလုပ်တွေကို ဘာမှ ရပ်ဆိုင်းစရာမှ မလိုတာ။ မနေ့က လုပ်ခဲ့သလိုဘဲ ဒီနေ့, မနက်ဖြန် ဆက်လုပ်သွားရုံဘဲ။ ဘာမှ မထူးခြားပါဘူး။ ကိုယ့် သဏ္ဍန်ထဲမှာ ရှိတဲ့ “လောဘ” ဆိုတဲ့ တရားကို ဖြုတ်ချထားလိုက်ရုံ ပါဘဲ။ ကျန်တာ လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်သွားလိုက် ရုံပါဘဲ။

ဒီတော့ ဒီအဆိုပြုချက်ကို မှန်ကန်ကြောင်း သက်သေ သာဓကတွေနဲ့ တင်ပြပါ့မယ်။ ပထမဆုံးကတော့ ဒီအဆိုပြုချက် ကို တင်ပြတဲ့ ကျွန်တော်ရဲ့ ဘ၀ဇာတ်ကြောင်းကနေ စ,ပါမယ်။

.

သက်သေ သာဓက (၁)

ကျွန်တော့ဘ၀ဇာတ်ကြောင်းကို အကျဉ်းချုံး တင်ပြပါမယ်။ ကျွန်တော်ဟာ မွေးဖွားလာစဉ်က ချမ်းသာသော မိဘ  များမှ ပေါက်ဖွားလာသူပါ။ ဒါပေမယ့် ကျွန်တော် အလယ်တန်းကျောင်းသားလောက်ကစ,ပြီး မိဘများရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ နောက်ဆုံး တက္ကသိုလ် ပြီးခါနီးနှစ်တွေမှာ မလောက်မင ကျောင်းလခလေးနဲ့ ကျောင်းပြီးအောင် ချို့ငဲ့စွာ တက်ခဲ့ရတယ်။ သူငယ်ချင်းကောင်းတွေရဲ့ အကူအညီသာ မရရင် ကျောင်းတောင်မှ ထွက်ရမယ့် အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

ဒီလို ခံစားခဲ့ရမှုကြောင့် ဘွဲ့ရပြီးချိန်မှာ “ချမ်းသာကြွယ်ဝတဲ့ဘ၀တစ်ခု” ကို ရရှိဖို့ သံဒိဋ္ဌာန် ချမှတ်ခဲ့ပါတယ်။ ၁၉၈၅ ခု ဘွဲ့ရချိန်ကစ,ပြီး ၁၉၉၈ ခုနှစ်အထိ (၁၃)နှစ်လုံးလုံး “ဆီစက်လုပ်ငန်း၊ ကုန်သည်လုပ်ငန်း၊ ကျူရှင်ဆရာ၊ ကြက်မွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ နယ်စပ်ကုန်သည်၊ ကုန်ကား လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းကြီး တစ်ခုရဲ့ G.M ၊ သစ်ကုန်သည်လုပ်ငန်း” များကို လုပ်ကိုင်ခဲ့ပါတယ်။ ဘယ်လုပ်ငန်းမှ (၂)နှစ် မခံပါဘူး။ (ဇာတာထဲမှာလည်း ဒီလိုဘဲ ပါ,ပါတယ်)။ လုပ်သမျှ လုပ်ငန်းတိုင်းဟာ အစပိုင်း ကောင်းပြီး၊ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီး သွားရတာချည်းပါ။ ဒါပေမယ့် ကျွန်တော် မမှုပါဘူး။ အသက်ကလည်းငယ်တုန်း၊ ဇွဲကလည်းအလွန် ကောင်းတော့ လုပ်ငန်းတစ်ခုပျက်ရင် နောက်တစ်ခု ပြန်စပြီး “ချမ်းသာရမယ်” ဆိုတဲ့ ရည်မှန်းချက်ကိုတော့ အသေဆုပ်ကိုင် ထားမြဲပါ။

နောက်ဆုံး ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများ ပျက်စီးချိန်မှာသစ်ကုန်သည်”ဘ၀နဲ့ ကိုယ်ပါ ကြားညပ်ပြီး ရှိသမျှ စီးပွားဥစ္စာ အားလုံး ဆုံးရှုံးသွားပါတယ်။ ကုန်းကောက်စရာ မကျန်အောင် ဖြစ်သွားခဲ့ရပါတယ။ လူလည်း ကျန်းမာရေး ဂျုန်းဂျုန်းကျ သွားပါတယ်။ ဘ၀မှာ အလွန်ကြီးမားတဲ့ လောကဓံကြီးကို ခံခဲ့ရတဲ့နှစ်ပါ။ ဒီလောကဓံကြောင့် “ငါဟာ ချမ်းသာကြွယ်ဝရတော့မယ့် ကံဇာတာ လုံးဝမရှိသူ” လို့ သတ်မှတ်လိုက်ပါတယ်။

ဒါနဲ့ ကိုယ်ဝါသနာအလျှောက် လေ့လာခဲ့တဲ့ ဗေဒင်ပညာလေးနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ပြန်စ, ခဲ့ရပါတယ်။ ထမင်းစားရရင် တော်ပါပြီ” ဆိုတဲ့ ရည်မှန်းချက်နဲ့ စ,ခဲ့တာပါ ။ ချမ်းသာကြီးပွားချင်တဲ့ စိတ်တွေကို အားလုံး “ခ၀ါချ” ပစ်လိုက်ပါတယ်။ အလုပ်ရဲ့ သဘောသဘာဝကလည်း ချမ်းသာနိုင်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဗေဒင်ပညာနဲ့ တိုက်ဆောက်၊ ကားစီးနိုင်သူ မရှိသလောက် ရှားပါတယ်။ ဗေဒင် ဆရာ အများစုဟာ ၀မ်းဝရုံ၊ ခါးလှရုံလောက်ထက် မပိုကြပါဘူး။

ဒါပေမယ့် ဒီလို  “ထမင်းစားရရင် တော်ပါပြီ” ဆိုပြီး စ, လုပ်ခဲ့တဲ့ အလုပ်ဟာ တစ်လထက်, တစ်လ၊ တစ်နှစ်ထက် တစ်နှစ် တိုးတက်အောင်မြင်လာပါတယ်။ ၀မ်းဝရုံမျှ ရည်မှန်းချက်နဲ့ စ,ခဲ့တဲ့ အလုပ်ဟာ ၀မ်းဝရုံ၊ ခါးလှရုံမျှမက ပိုပိုလျှံလျှံ ဖြစ်လာ ပါတယ်။ စီးပွားရေးသမားဘ၀တုန်းကလို ၀င်လိုက်ပြီဆိုရင်လည်း အလုံးလိုက် အခဲလိုက်၊ ထွက်သွားပြန်ရင်လည်း အလုံးလိုက် အခဲလိုက် မျိုးမဟုတ်တော့ဘဲ “ပုံမှန်ဝင်ငွေ” လေးနဲ့ ဘ၀ဟာ တည်ငြိမ် နေပါတယ်။

စီးပွားရေးသမားဘ၀တုန်းက တစ်လထဲမှာကို တက်လိုက်ကျလိုက်၊ ဖြစ်နေတဲ့ စီးပွားရေး “ဂရပ်မျဉ်းကြောင်း” ဟာ၊ ဗေဒင် ပညာရှင်ဘ၀မှာ တစ်နှစ်ပြီး တစ်နှစ် အကျဆိုတာ မရှိတော့ဘဲ ခပ်ပြေပြေလေးဘဲ တက်နေပါတော့တယ်အရင်တုန်းက (၂)နှစ်ကို တစ်ခါလောက် အလုပ်ပြောင်းရတဲ့ ဘ၀မျိုးကနေ အခု(၁၂)နှစ်တာကာလအထိ ရောက်လာအောင်  အလုပ်တည်မြဲမှု ကို ခံစားနေရပါတယ်။ စိတ်လည်း အလွန် ချမ်းသာလာပါတယ်။

တကယ်တော့ ဒုက္ခတွေ၊ ပြဿနာတွေနဲ့ အမြဲရင်ဆိုင်နေခဲ့ရတဲ့ ချမ်းသာ ကြွယ်ဝခြင်းမျိုးထက်၊ ဒုက္ခပြဿနာတွေမရှိတဲ့ ဘ၀မျိုး/အဆင်ပြေနေမှုမျိုးက “ပိုပြီးချမ်းသာတယ်ဆိုတာ” ကိုယ်တွေ့ သိရှိလာပါတော့တယ်။  လူဘ၀ရဲ့ စိတ်ချမ်းသာမှု ဟာ ငွေကြေးပမာဏက အဓိကမကျတာကို နားလည် လာပါတော့တယ်။

ဒီလိုနဲ့ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ကျွန်တော်ဟာ ကိုယ့်ရဲ့အသက်အရွယ်က (၅၀)နားကို ချည်းကပ်လာတဲ့ အချိန်မှာ ကိုယ့်မျက်စေ့အောက်မှာ “ဖြုတ်ကနဲ၊ ဖြုတ်ကနဲ” လောကကြီးထဲကနေ အစီအရီ ထွက်ခွာသွားနေရတဲ့ ကိုယ်နဲ့ သက်တူရွယ်တူ တွေကို ကြည့်ပြီး အလွန်ထိတ်လန့်စိတ် ဖြစ်လာပါတယ်။ သြော်- ကိုယ်လည်း တဖြည်းဖြည်းနဲ့ အချိန် နီးကပ် လာပါပြီးကော ဆိုပြီး “သံဝေဂစိတ်” ဖြစ်လာပါတယ်

ဒါကြောင့် ဟိုတုန်းကတည်းက “ခပ်ကြဲကြဲ လုပ်လိုက်” “မလုပ်လိုက်” ဖြစ်ခဲ့တဲ့ ၀ိပဿနာကို ဖိ,ပြီး လုပ်ဖြစ်လာပါတယ်။ စီးပွားရေး အပေါ်မှာ သံယောဇဉ်သိပ်မထားတော့ပါဘူး။

ဒီလို ၀ိပဿနာတရားကို ဖိလုပ်ရင်းနဲ့ ကျွန်တော့်ရဲ့ သဏ္ဍန်မှာ “ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်” ဆိုတဲ့ လောဘတရားဟာ တစ်နေ့ထက် တစ်နေ့ နည်းပါးလာခဲ့ပါတယ်။ “လောဘ တဏှာ” ရဲ့ စေခိုင်းမှုကြောင့် ကိုယ် ချမ်းသာဖို့၊ သားမယားတွေ ကောင်းစားဖို့ မမောနိုင်မပန်းနိုင် ရှာဖွေခဲ့ရတဲ့ ကိုယ့်ရဲ့ အဖြစ်ဆိုးကြီးကို ပိုပြီး ရိပ်မိလာပါ တော့တယ်။ ဘယ်လောက် ကြိုးစား ရှာရှာ၊ နောက်ဆုံးတော့ ကိုယ်ရှာခဲ့သမျှအားလုံးကို ထားရစ်ခဲ့ရမှာဘဲဆိုတာ ပိုပြီး သဘောပေါက်လာပါတယ်။ လူ့ဘောင်ကို အပြီးအပြတ် စွန့်ခွာပြီး တရားအားထုတ်ချင်စိတ်များသာ ပိုများလာခဲ့ပါတယ်။

ဒါကြောင့် စီးပွားရေးကို လုံးဝလှည့်မကြည့်တော့ဘဲ စာရင်းဇယားများကို ဇနီးဖြစ်သူနဲ့ လွှဲအပ်ထားလိုက်ပါတယ်။ ကိုယ့်ရဲ့ အလုပ်က ကိုယ့်ရှေ့ကို ရောက်လာတဲ့ နေ့စဉ်အလုပ်တွေကို စိတ်ကောင်းစေတနာအပြည့်နဲ့ လုပ်ပေးတာဘဲ ရှိပါတော့တယ်။ ကျန်တဲ့ စီမံခန့်ခွဲရေး၊ စာရင်းဇယား စသည်တွေကို လုံးဝ လှည့်မကြည့်တော့ပါဘူး။ ကိုယ်ဝင်မလုပ်ရင် မဖြစ်တဲ့ အလုပ် အနည်းငယ်မျှလောက်ကိုသာ လုပ်ပေးပါတော့တယ်

အဲဒီမှာ ကိုယ့်ရဲ့ လုပ်ငန်း၊ စီးပွားရေးဟာ သတိထားမိလောက်အောင်ကို တိုးတက်လာပါတယ်။ ကျွန်တော်က စာရင်းဇယား ကို မကြည့်ဘူးဆိုပေမယ့် ကိုယ့်ရှေ့မှာရောက်လာတဲ့အလုပ်(ရင်သွေးနာမည်ပေးခြင်း) များဟာ ယခင်နှစ်များထက် သိသိ သာသာ များလာပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကလေးတွေမွေးသမျှ ကျွန်တော့်ဆီမှာဘဲ စုပြုံမေးနေသလား လို့တောင်မှ ထင်ရပါတယ်။

အမှန်အတိုင်းပြောရရင် ယခင်စိတ်နှင့်ဆိုလျှင် ဒီလို လုပ်ငန်းတိုးတက်တာကို အလွန်သာယာဝမ်းမြောက်မိမှာ ဖြစ်ပေမယ့် အခုတော့ သာယာစိတ်လည်း မရှိတော့ပါ။ “ဖောက်သည်များလေ၊ ပိုပင်ပန်းလာလေ” လို့ဘဲ ခံစားရပါတော့တယ်။ စီးပွားကို ပင်ပင် ပန်းပန်း ရှာရတာကိုဘဲ “အပြစ်တစ်ခု” လို့ တစ်နေ့ထက်တစ်နေ့ ထင်မြင်လာပါတော့တယ်။

ဒါပေမယ့် ဒီလို တစ်မဟုတ်ခြင်း ဘာလို့ တိုးတက်လာရသလဲဆိုတာကိုတော့  ကျွန်တော် အဖြေရှာကြည့်ပါတယ်။ အစကတော့ ၀ိပဿနာကြောင့်လို့ဘဲ ထင်မြင်ယူဆနေပါတယ်။ ဒါပေမယ့် ဒီလို ၀ိပဿနာလုပ်နေရင်း ဒုက္ခရောက်နေတဲ့ သူတွေကို တွေ့လာရ ပြန်တော့လည်း ပြန်ပြီး အဖြေရှာရပြန်ပါတယ်။ နောက်ဆုံးမှာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်လောက်က လောကီ လောကုတ္တရာ စွယ်စုံရတဲ့ ဆရာတော်ကြီးရဲ့ စကားတစ်ခွန်းကနေ အဖြေရလိုက်ပါတယ်။

အဲဒီ အဖြေကတော့ “မိမိလုပ်တဲ့ အလုပ်တိုင်းကို လောဘ မပါတဲ့ စိတ်နဲ့ အလုပ်လုပ်ကြဖို့ပါဘဲ”၊ “အကျိုးမျှော်တဲ့ စိတ်နဲ့ အလုပ်မလုပ်ကြဖို့ပါဘဲ”၊ “အနာဂါတ်ရည်မှန်းချက်” “အိပ်မက်” ဆိုတာတွေကို ကိုယ့်နှလုံးသားထဲကနေ ဖြုတ်ချပစ်လိုက်ဖို့ ပါဘဲ

စာဖတ်သူဟာ- ကိုယ်ပိုင်လုပ်ငန်းလုပ်သူဘဲဖြစ်ဖြစ်၊ ၀န်ထမ်းလုပ်သူဘဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ့်  ကိုယ်ရယူ ထားတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ပစ္စည်း၊ လုပ်အား၊ ၀န်ဆောင်မှုတွေကို “လောဘမပါတဲ့ အကြောင်းတရား သက်သက်နဲ့” ပြန်လည် ပေးဆပ်ခြင်းသည်သာ “ဘ၀ရဲ့ အကောင်းဆုံးယတြာပါဘဲ” “ဘ၀အတွက် အကောင်းဆုံး Life Style ပါဘဲ။ နောက်ထပ် သက်သေ သာဓကတစ်ခု တင်ပြပါဦးမယ်။

.

သက်သေ သာဓက (၂)

မန္တလေးမြို့က နာမည်ကျော် “အရီးတောင်း လဘ္ဘက်သုပ်” ဆိုတာ လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ လဘ္ဘက်သုပ် လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေကြတဲ့ မိသားစုပါ။ အရီးတောင်း လဘ္ဘက်သုပ်နဲ့ ပက်သက်ပြီး အဖြစ်အပျက်တစ်ခုကို မှတ်မိနေပါသေးတယ်။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း အနှစ်(၂၀)(၃၀)လောက်က ဖြစ်ပါလိမ့်မယ်။ (ခုနှစ်အတိအကျ ကိုတော့ မမှတ်မိတော့ပါ)။

အဲဒီ တစ်နှစ်မှာ မန္တလေးမြို့မှာ ဧရာဝတီမြစ်ရေတွေ အရမ်းကြီးလာပါတယ်။ မြို့ထဲကို ရေတွေ ၀င်လုနီးပါးဖြစ်လာပါတယ်။ သက်ဆိုင်ရာကနေ အသံချဲ့စက်နဲ့ မြစ်အနီးရပ်ကွက်တွေမှာ နေထိုင်ကြတဲ့သူတွေကို အဆင့်သင့်အနေအထား ရှိကြဖို့ ရွှေ့ပြောင်းဖို့လိုရင် ပြောင်းရွှေ့ဖို့ သတိပေးချက်တွေနဲ့ ဆူညံနေပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့တစ်မြို့လုံးမှာရှိတဲ့ “ကြက်ခြေနီလူငယ်” များဟာ မြစ်ရေ မြို့အတွင်းဝင်လာတာကို တားဆီးဖို့ သဲအိတ်တွေနဲ့ ကာဆီးရန် အားလုံးစုဝေး ရောက်ရှိလာပါတယ်။ ကြက်ခြေနီလူငယ်တွေနဲ့ မြစ်အနီးက ရပ်ကွက်သူရပ်ကွက်သားတွေ ပူးပေါင်းလိုက်ကြပြီး သဲအိတ်များဖြင့် မြစ်ရေကို တားဆီးဟန့်တားဖို့ နေ့မနား၊ ညမနား ဆောင်ရွက်ခဲ့ကြပါတယ်။ ညဖက်တွေမှာပါ အလှည့်ကျစနစ်ဖြင့် မအိပ်စက် ကြတော့ဘဲ တက်ညီလက်ညီ ကြိုးစားလုပ်ဆောင်နေကြတဲ့ ကြက်ခြေနီလူငယ်များကို မြင်ရတဲ့အခါ မြို့လူထုက အလွန် နှစ်ထောင်းအားရ ရှိလှတာမို့ ထမင်း၊ ဟင်း နှင့် အစားသောက်များ ကို လာရောက်ဝေငှလှူဒါန်းကြပါတော့တယ်။

အဲဒီမှာ စောစောက “အရီးတောင်းလဘ္ဘက်” မိသားစုက ကြက်ခြေနီလူငယ်များအတွက် “လဘ္ဘက်သုပ်” နဲ့ ဒါနပြုဖို့ စီစဉ် ကြပါတယ်။ ညဖက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်များ အိပ်ချင်လည်းပြေ၊ လန်းလန်းဆန်းဆန်းလည်း ရှိသွားအောင် ဆိုပြီး လဘ္ဘက်သုပ်တစ်မျိုးကို တီထွင်လိုက်ပါတယ်။ ပုံမှန် ဈေးကွက်ထဲက လဘ္ဘက်သုပ်များနဲ့ မတူတဲ့ ချဉ်ချဉ် ငန်ငန် စပ်စပ် ဆိုတဲ့ လဘ္ဘက်သုပ်ကို တီထွင်ပြီး ကြက်ခြေနီ လူငယ်တွေကို အများအပြား လှူဒါန်းခဲ့ကြပါတယ်။ ဒီလဘ္ဘက်သုပ်ဟာ ရေဘေး ကာကွယ်ရေးလုပ်ကိုင်နေကြတဲ့ ကြက်ခြေနီလူငယ်တွေကြားမှာ အတော်လူကြိုက်များပြီး ရေပန်းစားခဲ့ပါတယ်။

နောက်ပိုင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ပြီးရော ဒီလဘ္ဘက်သုပ်ကို ကြက်ခြေနီလူငယ်တွေနဲ့ ပက်သက်နေ တဲ့ ပြည်သူတွေက ပြန်လည်တောင်းဆိုမှုကြောင့် “ဈေးကွက်” ကို တင်လိုက်ပါတယ်။ “အရီးတောင်း ကြက်ခြေနီသုပ်” လို့ နာမည်တွင်ပါတယ်။ ဒီအရီးတောင်း “ကြက်ခြေနီ” သုပ်ဟာ ဘယ်လောက် ရောင်းကောင်းလိုက်သလဲ ဆိုရင် ဒီအသုပ် တစ်မျိုးထဲ နဲ့ဘဲ အရီးတောင်းမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုဟာ အဆပေါင်းများစွာ “ထိုးတင်လိုက်သလို” တက်သွား ပါတော့တယ်။

စဉ်းစားကြည့်နော်။ သူတို့ဟာ ဒီလဘ္ဘက်သုပ်ကို တီထွင်လိုက်တဲ့အချိန်မှာ “ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးမထားဘူး” “ဘာ လောဘမှ မပါဘူး” “ဈေးကွက်မှာ တင်ဖို့လည်း ရည်ရွယ် လုပ်ခဲ့တာမဟုတ်ဘူး” “ကြက်ခြေနီလူငယ်တွေ စိတ်လန်းဆန်း အပန်းပြေသွားစေချင်တဲ့ ဆန္ဒနဲ့သာ အကျိုးမမျှော်ဘဲ လုပ်ခဲ့တာပါ”။ ဒါပေမယ့် ဒီလဘ္ဘက်သုပ်ကြောင့် သူတို့ စီးပွားရေး အကြီးအကျယ်ဖြစ်ထွန်းခဲ့ပါတယ်။ (လောဘ မပါဘဲ၊ အကျိုးမမြတ်မတွက်ဘဲ . . အလုပ်လုပ်လို့ မရဘူးလို့ ထင်သူများ အတွက် စဉ်းစားစရာပါ)

.

သက်သေသာဓက (၃)

စာဖတ်သူ အင်တာနက်ထဲကို ၀င်လိုက်တာနဲ့ ဘယ် Search Engine ကို သုံးပါသလဲ။ အများစုကတော့ Google ကိုဘဲ သုံးကြမှာပါ။ ကျွန်တော် သုံးဖူးသလောက်တော့ Google လောက် အဆင်ပြေတာ မရှိပါဘူး။ ယနေ့အချိန်မှာ Google ကုမ္ပဏီဟာ ဘီလီယံပေါင်းများစွာ ချမ်းသာကြွယ်ဝတဲ့ ဧရာမကုမ္ပဏီကြီး ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီ Google ဆိုတဲ့ Search Engine ကို တီထွင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားနှစ်ဦးရဲ့ အထုပ္ပတ္တိလေးကိုများ ကြားဖူးပါရဲ့လား။

ကမ္ဘာမှာ အင်တာနက်တွေ စတင်ဖွံ့ဖြိုးတိုးတက်လာချိန်မှာ အင်တာနက် အသုံးပြုသူတွေမှာ အခက်အခဲတစ်ခု ရှိလာပါတယ်။ အဲဒါ ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေနဲ့ ပက်သက်တဲ့ Web Address တွေကို ရှာရာမှာ အလွယ်တကူ ရှာလို့မရတာပါဘဲ။ ဒါကို သတိပြုမိတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ဦးဖြစ်တဲ့ “လယ်ရီ ပေ့ခ်ျ” နဲ့ “ဆာဂျီ ဘရန်” တို့ဟာ လူတိုင်းအတွက် အဆင်ပြေမယ့် Search Engine တစ်ခုကို စပြီး တီထွင်ကြပါတော့တယ်။

ဘာအကျိုးအမြတ်ကိုမှ မမျှော်မှန်းခဲ့ကြပါဘူး။ Free Search Engine တစ်ခုပါ။ လူသားတွေအတွက် အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ကြတာပါ။ ဒီတီထွင်မှုကနေ ဧရာမ အကျိုးအမြတ် ရလာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့မယ် မထင်ပါဘူး။ လူတိုင်း “အခမဲ့” သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး လုပ်ခဲ့ကြတာပါ။ ယနေ့ထိအောင် ကမ္ဘာ့ လူသားအားလုံးကို အလကား သုံးစွဲခွင့် ပြုထား ပါတယ်။

ဒီလို ငွေကြေးအကျိုးအမြတ်ကို မမျှော်မှန်းခဲ့ပေမယ့် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာက အသုံးပြု လာကြတဲ့အချိန်မှာ Search Engine တွေရဲ့  Page တွေထဲကို ၀င်ရောက်ကြော်ငြာလိုတဲ့ ကုမ္ပဏီတွေရဲ့ ကြော်ငြာခငွေကြေးတွေဟာ အလုံးအရင်းနဲ့ ၀င်ရောက်လာပါတော့တယ်။ ယနေ့အချိန်မှာတော့ Google ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘီလီယံပေါင်း များစွာ ရှိနေပါပြီ။

ကျွန်တော် ထင်ပါတယ်။ အဲဒီ အချိန်တုန်းက သူတို့နှစ်ယောက်ဟာ “ကဲ – ငါတို့နှစ်ယောက် ဘီလီယံနာ ဖြစ်မယ့် လုပ်ငန်း တစ်ခုကို စ,လိုက်ကြရအောင်လား” လို့ ရည်ရွယ်ပြီးသာလုပ်ခဲ့ရင် ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါဟာ “လောဘ နဲ့ အကျိုးအမြတ်” ကို လုံးဝထည့်မတွက်ခဲ့ဘဲ စ,လုပ်ခဲ့တဲ့ အကျိုးကျေးဇူးပါ

.

သက်သေသာဓက(၄)

ဟိုတစ်လောက ကျွန်တော့ရဲ့ အမေး/အဖြေကဏ္ဍထဲကို လူငယ်တစ်ယောက် ၀င်မေးပါတယ်။ “ဆရာခင်ဗျား- ကျွန်တော့် ဘ၀မှာ ကြံရွယ်ပြီး လုပ်တဲ့ အလုပ်အားလုံးဟာ ဖြစ်မလာဘဲ၊ မကြံရွယ်တဲ့ အလုပ်တွေက အောင်မြင်နေတာဟာ ဘာကြောင့်ပါလဲ” တဲ့။ သူ့စကားကို ကျွန်တော် ပြန်ပြင်ရေးပြပါ့မယ်။ “ဆရာခင်ဗျား- ကျွန်တော့ဘ၀မှာ လောဘကြီးကြီး နဲ့ လုပ်ခဲ့တဲ့ အလုပ်တွေအားလုံးဟာ ဖြစ်မလာဘဲ၊ လောဘ မပါတဲ့ အလုပ်တွေက အောင်မြင်နေတာ ဘာကြောင့်ပါလဲ” လို့ ပြင်ရေးပေးလိုက်ချင်ပါတယ်။

ဒီလို အဖြစ်အပျက်မျိုးဟာ သူတစ်ယောက်တည်းမှ ဖြစ်တာမဟုတ်ဘူးခင်ဗျ။ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးရဲ့ ဘ၀ကို ပြန်ပြီး ငဲ့စောင်းကြည့်လိုက်ပါ ။ ဒီလို ရည်ရွယ်ချက်၊ ရည်မှန်းချက်မပါဘဲ အမှုမှဲ့ အမှတ်မဲ့ လုပ်လိုက်တာကနေ အဆင်ပြေ လာတာတွေ ရှိခဲ့လိမ့်မယ်။ ဒါပေမယ့် ကိုယ်က သတိမထားမိဘူး။ သတိမထားမိတဲ့အပြင် အပေါ်က လူငယ်လို “လောဘ မပါဘဲ လုပ်တာကိုဘဲ အောင်မြင်ရကောင်းလား” လို့ အပြစ်တင်ချင်နေကြတယ်

လူတွေဟာ “လောဘတို့” “ရည်မှန်းချက်တို့” “ကြံရွယ်ချက်တို့” “အကျိုးအမြတ်” တို့ မပါတော့ရင်  အလုပ်ကို မလုပ်တတ်ကြတော့သလို ဖြစ်နေကြပါတယ်

အကျိုးတရားကိုသာ အာသာငမ်းငမ်းနဲ့ လိုက်ရှာနေကြပြီး တကယ်အရေးကြီးတဲ့ “အကြောင်းတရား” ကို ပေးဆပ်ဖို့ မေ့နေကြပါတယ်။ တစ်ချို့က ပြောကြသေးတယ်။ မတော်လောဘ မထားရင် ပြီးတာဘဲ တဲ့။ ထိုက်သင့်တဲ့ လောဘ တော့ ရှိရမှာပေါ့ တဲ့။

တကယ်တော့ “မတော်လောဘ” ဘဲဖြစ်ဖြစ်၊တော်လောဘ” ဘဲဖြစ်ဖြစ် လောဘ ဟာ လောဘပါဘဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်ဘာသာတရားကမှ “လောဘဆိုတာ  ကောင်းတယ်ကွ” လို့ မသင်ကြားခဲ့ကြပါဘူး။ “ဗုဒ္ဓ” ၊ “ယေရှုခရစ်”၊ “မိုဟာမက်” တို့ရဲ့ သင်ကြားချက်တွေမှာ လောဘတရားကို အပြစ်ဒုစရိုက်လို့သာ ဟောကြားခဲ့ကြတာချည်းပါ။ ဒါပေမယ့် လူတွေက လူလည်ပြန်လုပ်ကြတယ်။

“ဘုရားအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုကို လောဘနဲ့ ရောထွေးပစ်လိုက်ကြတယ်”။ ဘုရားသခင်အပေါ်မှာ ယုံကြည်ချက်ထားပြီး အလုပ်လုပ်ရင် အောင်မြင်ရမယ်ပေါ့။ (အမှန်ကတော့ “လောဘ” ဆိုတဲ့ ဆင်သေကို “ယုံကြည်မှု” ဆိုတဲ့ ဆိတ်ရေနဲ့ ဖုံးဖို့ ကြိုးစားကြတာပါ)။

ဗုဒ္ဓ နဲ့ ဘုရားသခင်တွေ လိုလားတဲ့ ယုံကြည်မှု ဆိုတာ “ရွှေငွေဥစ္စာတွေ၊ စည်းစိမ်တွေ၊ တန်ခိုးအာဏာတွေ၊ ထင်ပေါ် ကျော်ကြားမှုတွေ” လုံးဝ မဟုတ်ပါဘူး။ သေသေ ချာချာ ပြန်စဉ်းစားကြည့်ပါ မိတ်ဆွေ

ကဲ- ကျွန်တော့်ရဲ့ ဆောင်းပါးကို အဆုံးသတ်ပါတော့မယ်။ မပြီးသေးပါဘူး။ အပိုင်း (၃)လာပါဦးမယ်။ ဘ၀အတွက် ဒီလောက်အရေးကြီးတဲ့ ကိစ္စမို့လို့ သိပ်အတိုချုံးပြီး ရေးလို့မရပါ ။ ဒါပေမယ့် ဒီဆောင်းပါးပါ အချက်ကတော့ “အဓိက” အချက်ဖြစ်ပါတယ်။ လောဘကို သတ်နိုင်ဖို့က အဓိကအကျဆုံးပါ။ နောက်ဆောင်းပါးမှာ ဆက်ရေးမှာက ဒီ အဓိကကျတဲ့ “လောဘ” တရားရဲ့ ပယ်သတ်ရာမှာ အထောက်အပံ့ဖြစ်မယ့် တရားတွေကိုသာ ဆက်ပြီး တင်ပြမှာပါ။

လောဘကို အောင်နိုင်မှ လောကကို အောင်နိုင်မည် တဲ့။ ကျွန်တော့်စကားမဟုတ်ပါဘူး။ အရွယ်ငယ်သော်လည်း ဉာဏ်ပညာအလွန်ထက်မြက်ပြီး ဘုန်းတန်ခိုး၊ လာဘ်လာဘ အလွန်ကြီးမားလှတဲ့ “မေတ္တာရှင် ရွှေပြည်သာဆရာတော် အရှင်ဇ၀န” ရဲ့ စကားပါ။ ရွှေပြည်သာ ဆရာတော်ဟာ “ညာဘက်လက်က ၀င်လာတဲ့ လာဘ်လာဘကို ဘယ်ဖက်လက်ကနေ (ချက်ခြင်း) စွန့်လွှတ် နိုင်သူပါ” ။ ဒီလို လုပ်လေ “လာဘ်လာဘဟာ မလိုချင်လောက်အောင် ရလေလေ” ဖြစ်နေပါတော့တယ်

နားပါဦးမည်။ အပိုင်း(၃)ကို ဆက်မျှော်ပါ။ (အမှန်ကတော့ ကနေ့ဆောင်းပါးကတင် လုံလောက်နေပါပြီ။ သဘောပေါက် ရင်ပေါ့လေ)။ နောက်ဆောင်းပါးမှာ “လောဘ” နဲ့ အတူယှဉ်တွဲဖြစ်တတ်တဲ့ “ဣသာမစ္ဆရိယ နဲ့ မာန” တရားနှစ်ခုကို တင်ပြ ပါဦးမယ်။ နောက်ဆုံးမှ ဒီ “လောဘ ၊ ဣသာမစ္ဆရိယ နဲ့ မာန” တရားတွေကို “၀ိပဿနာ ပညာ” နဲ့ အပြီး ချုပ်ကိုင် သတ်ဖြတ် ပစ်ဖို့ကို ဆက်ပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

(တရားမဟောပါ၊ အဆင်ပြေချောမွေ့သော ဘ၀တစ်ခုကို ရရှိခံစားစေရန် နည်းလမ်း မျှဝေပေးခြင်းဖြစ်ပါသည်၊ ဆရာကြီး မဟုတ်ပါ၊ လူတတ်ကြီးလည်း မဟုတ်ပါ၊  ကိုယ့်ထက် သိတဲ့ တတ်တဲ့သူတွေ အများကြီး ရှိပါသည်။ သို့သော် “ပညာရှိ သတိဖြစ်ခဲ” ဖြစ်တတ်ပါသည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ ကိုယ်တိုင် ကောင်းကျိုးခံစားနေရသလို သူများတွေလည်း ခံစား စေလိုသော ဆန္ဒ တစ်ခုသာ ရှိပါသည်။ ကိုယ့်ကို အထင်ကြီးပါစေဟူသော စိတ်ဆန္ဒ လုံးဝမရှိဤ မှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် ယခုဘ၀၌ပင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို လွယ်ကူစွာ ရရှိနိုင်ပါစေသတည်း)

.

ဖတ်ရှုသူအားလုံး နားလည်သဘောပေါက်နိုင်ကြပါစေ ဟု ဆုမွန်များစွာဖြင့် -


ဒေါက်တာတင်ဗိုလ်ဗိုလ် (ဗေဒသုခုမ)

ဝင်ရောက်ဖတ်ရှုသူပေါင်း=220

  • Share/Bookmark

51 comments

# ဘ၀အတွက် အကောင်းဆုံးယတြာ . . အပိုင်း (၁)

စာရေးသူရဲ့ ဗေဒင်လေ့လာမှု သက်တမ်းအနှစ် (၃၀)အတွင်းမှာ စိတ်ဝင်စားမှု အနည်းဆုံး ဘာသာရပ်ကတော့ “ယတြာ” ပညာဘဲ ဖြစ်ပါတယ်။ ဗေဒင်ပညာကို “မ.ထ.သ” “လိုင်းပေါင်းစုံ” လို့ ခေါ်ရ လောက်အောင် အကုန် လျှောက်ပြီး လေ့လာခဲ့ပါတယ်။ လက္ခဏာ၊ သင်္ချာဗေဒ၊ အရှေ့တိုင်း လက်ရိုး နက္ခတ်၊ အနောက်တိုင်းနက္ခတ်၊ K.P  ဟူးရား၊ မဟာဘုတ်၊ သုံးတန်ပေါ်နိစ်၊ ဆန်း၊ အင်္ဂ၀ိဇ္ဇာ၊ အယူတော်မင်္ဂလာ၊ အာယုစန်း၊ သရောဒယ၊ တားရော့ . . . ရှိရှိသမျှ အားလုံးကို လေ့လာခဲ့ပါတယ်။ ကြွားပြောတာမျိုး မဟုတ်ပါဘူး။ လိုင်းပေါင်းစုံတဲ့ အကြောင်းကို ပြောပြတာပါ။  ဒီလို လိုင်းပေါင်းစုံတာလည်း တကယ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ကိုယ်က ဘယ်ပညာဘဲ ဖြစ်ဖြစ် တီးမိခေါက်မိ ရှိချင်လို့ပါ။ အကုန်လုံး တော့လည်း မကျွမ်းကျင် ပါဘူး။

ဒါပေမယ့် “ယတြာ” ပညာကိုတော့ ၀ါသနာသိပ်မပါခဲ့သလို ၊ သိပ်ပြီး မလိုက်စားဖြစ်ခဲ့ပါဘူး။ မှန်တဲ့အတိုင်းပြောရရင် ဗေဒင်ပညာကိုသာ လိုက်စား နေပေမယ့် ယတြာပညာကိုတော့ သိပ်ပြီး အယုံအကြည် မရှိခဲ့ ပါဘူး။

စာရေးသူဟာ “ကမ္မနိယာမ” ကို အလွန်ယုံကြည်သူဖြစ်လို့ ကံတရားအတိုင်း “ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရိတ်သိမ်း” ရမယ့် နိယာမကို ကောင်းစွာလက်ခံ ယုံကြည်ပါတယ်။ အခုအချိန်ထိအောင် စိတ်ဓာတ်က“ခပ်ရွတ်ရွတ် ခပ်ပေပေ” ဖြစ်တော့ “ကိုယ်လုပ်ခဲ့တာ ကိုယ်ပြန်ခံလိုက်ပေါ့” ဆိုတဲ့ သဘောထားမျိုး ထားခဲ့ပါတယ်။  “လုပ်ရဲရင် ခံရဲရမယ်” ဆိုတဲ့ သတ္တိမျိုး ငယ်ငယ်ကတည်းက ရှိသူဖြစ်လေတော့ ယတြာနဲ့ ကြောက်အားလန့်အား ကာကွယ်နေတာမျိုးကို ကိုယ်တိုင် မလုပ်ချင်သလို သူများကိုလည်း လုပ်မပေးခဲ့ပါဘူး။ သူများကိုသာ ဗေဒင်ဟောပေးပေမယ့် ကိုယ့်ဟာကိုယ် ဗေဒင်တွက်မကြည့်ဘဲ လုပ်ချင်ရာ စွတ်လုပ်လို့ အမှားတွေ့ခဲ့ပေါင်းလည်း များခဲ့ပါပြီ။ ဒီတော့ ၀ါသနာအရသာ “ယတြာပညာပိုင်းစာအုပ်တွေ” မျိုးစုံအောင် စုဆောင်းထားပေမယ့် သေသေချာချာ မလေ့လာဖြစ်ခဲ့ပါဘူး။

.

တကယ်တော့ ဗေဒင် နဲ့ ယတြာဆိုတာ “ရောင်နောက် ဆံထုံးပါ” ဆိုတဲ့ စကားပုံ အတိုင်းပါဘဲ။ “ယောင်” ရဲ့နောက်က “ဆံထုံး”  လိုက်ရသလို “ဗေဒင်” နောက်က “ယတြာ” ဆိုတာ လိုက်ရစမြဲပါ။ ဗေဒင်ဆရာတစ်ယောက်ဟာ လူတစ်ယောက်ရဲ့ ရှေ့ဖြစ်ကို ဟောလိုက်တယ်။ လာမယ့်နှစ် ကံအလွန်ညံ့နေတယ်ပေါ့။ ဒီတော့ ဗေဒင်အဟောခံရသူဟာ “ပြူးပြူးပြာပြာ” ဖြစ်ပြီး “လုပ်ပါဦး၊ ကယ်ပါဦး” ဖြစ်လာကြပါတော့တယ်။ ဒီတော့ ဒီကံဆိုးမှုကို ဖြေဖျောက်ရမယ့် တာဝန်ဟာ ဗေဒင်ဆရာရဲ့ ခေါင်းပေါ်ကို ပြန်ကျလာပါတော့တယ်။

ဒီတော့ အဆိုးကို ဟောမိတဲ့ ဆရာဟာ သူ့ဟောတဲ့အဆိုးအတွက် သူ့မှာ တာဝန်ရှိလာပါတယ်။ ဒီတော့ “ယတြာ” ဆိုတဲ့ အရာနဲ့ ပြန်ကုစားပေးရပါတော့တယ်။ ဒီတော့ “ဗေဒင်နောက်က ယတြာလိုက်ရတာ” ဟာ ကမ္ဘာ့နိယာမကြီးလို ဖြစ်လာ ပါတော့တယ်။ ဗေဒင်ပညာရှင် တစ်ယောက်ဟာ ဗေဒင်သာဟောတတ်ပြီး ယတြာမလုပ်တတ်ရင် ရောဂါကိုသာ ရှာဖွေတတ် ပြီး ဆေးမကုတတ်တဲ့ ဆရာဝန်လို ဖြစ်နေပါတော့တယ်။ ဒီတော့ ကျွန်တော်တို့လည်း အသက်မွေးဝမ်းကျောင်းအရ ကိုယ်က မယုံကြည်ပေမယ့် လူတွေ စိတ်ဖြေသာအောင် ယတြာကို မပေးချင်ဘဲ ပေးနေရပါတော့တယ်။

.

ယတြာပညာအပေါ်မှာ ခံယူချက်နဲ့ပတ်သက်ပြီး လူ (၃)မျိုး (၃)စား တွေ့ရပါတယ်။

(၁) ယတြာပညာနဲ့ အဆိုးအားလုံး ပျောက်နိုင်တယ်၊ ဖြစ်ချင်တာ ဖြစ်နိုင်တယ် လို့ ယုံကြည်သူများလည်း ရှိပါတယ်။ (မညှာမတာ ပြောရရင်တော့  အလွန်မိုက်မဲ တဲ့လူတွေပါ)

(၂) သိပ်ယုံလှတယ် မဟုတ်ပေမယ့် စိတ်ဖြေသာအောင် ၊ စိတ်နဲနဲပေါ့သွားအောင် ဆိုပြီး “ရသေ့စိတ်ဖြေ” လုပ်ကြတဲ့ သူများလည်း ရှိပါတယ် (ဒီလူမျိုးတွေက အရေအတွက်ပိုများပါတယ်)

(၃) ယတြာဆိုတာ အလိမ်အညာသက်သက်ဘဲ၊ အားကိုးလို့ လုံးဝမရဘူး လို့ ယူဆသူများလည်း ရှိပါတယ်။ (ဒီလိုလူမျိုး တွေရှိပေမယ့် အရေအတွက်တော့ နည်းပါတယ်)

.

= ဒီအပေါ်မှာ ကျွန်တော့်အမြင်ကို ပြောရရင် နံပါတ်(၁)လူစားမျိုးတွေဟာ လုံးဝမှားယွင်းပါတယ် ။ ဗေဒင်ပညာရှင်ဆိုတာ ကိန်းဂဏန်း၊ အမှတ်အသားလေးတွေပေါ်မှာ မူတည်ပြီး ရှေ့ဖြစ်ကို ခန့်မှန်းကြည့်ကြတဲ့ လူတန်းစားတစ်မျိုးသာ ဖြစ်ပါတယ် တန်ခိုးရှင်တွေ မဟုတ်ပါဘူး။ ဖန်ဆင်းရှင်တွေ မဟုတ်ပါဘူး။ ပျောက်စေဆရာတွေ မဟုတ်ပါဘူး။ သူတို့သာ တန်ခိုးရှင် တွေဖြစ်ရင် သူများတွေကို အန္တရာယ်ကင်းအောင်၊ ချမ်းသာကြီးပွားအောင်မလုပ်ခင် ကိုယ့်ဟာကို အရင် လုပ်ကြမှာပေါ့။ ကိုယ့်ဟာကိုယ်တော့ မလုပ်နိုင်ဘဲ သူများကို လုပ်ပေးနိုင်တယ်ဆိုတော့ လူရယ်စရာ ဖြစ်နေတာပေါ့။ ကိုယ့်အသိဉာဏ် လေးကို အသုံးချပြီး စဉ်းစားကြည့်ကြပါ။ ဗေဒင်ဆရာဆိုတာ သူများတွေထက် ရှေ့ဖြစ်ကလေးကို နဲနဲ ခန့်မှန်းနိုင်တာကလွဲရင် သာမန် လူတွေထဲက လူသားတွေပါ။ လူထူး လူဆန်းတွေ မဟုတ်ပါဘူး။ မဟာဂုရုတွေ မဟုတ်ပါဘူး

.

= နံပါတ် (၂) ရသေ့စိတ်ဖြေ လူစားမျိုးတွေကိုတော့ ကျွန်တော်  အမှား/အမှန် မှတ်ချက်မပြုလိုပါ။ တစ်ချို့လူတွေအတွက် ရသေ့စိတ်ဖြေ ယတြာဆိုတာ မလိုအပ်ပေမယ့် တစ်ချို့အတွက်တော့ လိုအပ်ပါတယ်။ ငယ်ငယ်တုန်းက ဖတ်ဘူးတဲ့ “ပညာဝန်ဦးဖိုးကျား” ရေးတဲ့ “ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့” ဆိုတဲ့ ဆောင်းပါးလေးကို အမှတ်ရမိပါတယ်။ ဒီဆောင်းပါးမှာ မီးရထား ခရီးစဉ်တစ်ခုမှာ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးနေတဲ့ အင်္ဂလိပ်ကျောင်းသား (ဦးဖိုးကျား)က တောသားလူရိုးကြီး တစ်ယောက်ကို ပညာပြတဲ့ ဇာတ်လမ်းလေးပါ။ တစ်ချို့လည်း ဖတ်ဖူးကြပါလိမ့်မယ်။ ဒီဇာတ်လမ်း အကျဉ်းချုပ်ကတော့ ပညာတတ် အင်္ဂလိပ်ကျောင်းသားကြီးက ရထားစီးရင်းနဲ့ မျက်နှာခြင်းဆိုင် ထိုင်ခုံမှာ ထိုင်နေတဲ့ တောသား လူရိုးကြီးရဲ့ လက်မောင်းမှာ ပတ်ထားတဲ့ “မဲကြိုး” အကြောင်းကို စပ်စုတော့ . . . . ရွာဦးဘုန်းကြီးရဲ့ အိပ်မက်အရ “ဘီလူး” အစားမခံရအောင် မဲကြိုးပတ်ထားတာ ဖြစ်ကြောင်း ပြောပြပါတယ်

ဒီမှာ အင်္ဂလိပ်ကျောင်းသား လူတတ်ကြီးက ကောင်းကောင်း ပညာပေးပါတော့တယ်။ ဒီိအယူအဆတွေဟာ ခေတ်မမှီ တော့ကြောင်း၊ ဘီလူးဆိုတာလည်း တကယ်မရှိကြောင်း၊ ရှိရင်လည်း ဒီမဲကြိုး ပတ်ထားရုံနဲ့ ဘီလူးစားက လွတ်မယ်ဆိုတာ ယုတ္တိမရှိကြောင်း . . .  စသည်ဖြင့် စကားကြွယ်ကြွယ်နဲ့ ပညာပေးပါတော့တယ်။  တောသားလူရိုးကြီးခမျာလည်း ဘာမှ ပြန်မပြောနိုင်ဘဲ ပါးစပ်ဟောင်းလောင်း နဲ့ပေါ့။ အဲဒီမှာ ဘေးခုံနားက ပညာတတ်ပုံပေါ်တဲ့ လူကြီး တစ်ယောက်က မနေနိုင် တော့ဘဲ ဒီ “အင်္ဂလိပ်ကျောင်းသားလူတတ်ကြီး” ကို ၀င်ပြီး ဆုံးမပါတော့တယ်။

ဒီ “မဲကြိုး”ဟာ မောင်ရင့်အတွက် မလိုအပ်ပေမယ့် သူ့အတွက်တော့ လိုအပ်ကြောင်း၊ မောင်ရင်ကတော့ ပညာတတ် ဆိုတော့ ဒါတွေကို မယုံတာ မှန်ပါကြောင်း၊ သို့သော် တောသားလူရိုးကြီးခမျာ သူတို့ဘုန်းကြီးကို အလွန်အားကိုးပြီး အလွန်ယုံ ကြည်သူဖြစ်လို့ ဘုန်းကြီးစကားကို တသွေမတိမ်း လိုက်နာမှာဖြစ်ကြောင်း၊ ဘီလူးဆိုတာ တကယ်ရှိ/မရှိ ဆိုတာလည်း ခွဲခြားနိုင်တဲ့ ဉာဏ်ပညာ မရှိကြောင်း၊ တကယ်လို့ ဘုန်းကြီးရဲ့ စကားကို နားမထောင်ဘဲ မဲကြိုးမပတ်မိရင် ညဖက်တောင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘဲ တချွတ်ချွတ်ကြားတိုင်း လန့်နေမှာဖြစ်ကြောင်း၊ ဥပဒါန်ကြောင့် ဥပါဒ်ရောက်နိုင်ကြောင်း၊ “မဲကြိုး” ပတ်ထားလိုက်တော့ သူ့မှာ အန္တရာယ်ကင်းသွားပြီး ဘီလူးစားခံရမှာ မဟုတ်တော့ဘူးလို့ ယုံကြည်နေပြီး စိတ်ချမ်းသာသွားမှာ ဖြစ်ကြောင်း “အကြောင်းအကျိုး” ခိုင်ခိုင်လုံလုံ နဲ့ ရှင်းပြလိုက်တော့ အင်္ဂလိပ်ကျောင်းသား လူတတ်ကြီးခမျာ ဘာမှ ပြန်မပြော နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျသွားပါတော့တယ်။ နောင်တစ်ချိန် သူ ပညာဝန်ဦးဖိုးကျား ရယ်လို့ ဖြစ်လာတဲ့ အချိန်မှာ ဒီအတွေ့အကြုံ လေးကို “ကျွန်ုပ်အလိမ္မာတိုးသော နေ့တစ်နေ့” ဆိုပြီး ဆောင်းပါးလေး ရေးလိုက်တာ ဖြစ်ပါတယ်။

(အထက်ပါ ဆောင်းပါးလေးကို “စကားဝါမြေစာကြည့်တိုက် တွင် Download ယူနိုင်ပါသည်။ Download ယူရန် ဒီနေရာကို နှိပ်လိုက်ပါပညာဝန်ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္တုတိုများ” စာအုပ် စာမျက်နှာ (၁၂၁)တွင် ဖတ်ရှုနိုင်ပါသည်)

ဒီလိုပါဘဲ။ တစ်ချို့လူတွေအတွက် ယတြာဆိုတာ မလိုအပ်ပေမယ့် တစ်ချို့လူတွေအတွက်တော့ ယတြာဟာ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို အလွန်အမင်းယုံကြည်သူ” ၊ “ဖြစ်ချင်ရာဖြစ်ကွာ” လို့ သဘောထားနိုင်သူ၊ “ကိုယ်လုပ်တာ ကိုယ်ခံရမှာဘဲ”လို့ ခံယူထားသူတွေအတွက် ယတြာဆိုတာမလိုအပ်ပါဘူး။ ဒါပေမယ့် ယုံကြည်မှုအားနည်းသူ၊ လောကဓံ အဆိုးတွေကို အလွန်ကြောက်တတ်သူ၊ သံယောဇဉ်ကြီးမားလွန်းသူ၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုလေးတွေကို ဆုံးရှုံးရမှာကြောက်သူ များအတွက် ယတြာဆိုတာ လိုအပ်ပါတယ် လုံးဝ ကာကွယ်နိုင်မယ်လို့ မယုံကြည်တောင်မှ ယတြာလေးကို လုပ်လိုက်တော့ စိတ်ချမ်းသာမှု၊ စိတ်နဲနဲ အေးချမ်းသွားမှုကို ဖြစ်စေနိုင်ပါတယ်။ “မပြေးသော်လည်း ကန်ရာရှိ” ဆိုတဲ့စကားပုံလိုပေါ့။

.

နံပါတ် (၃)အမျိုးအစားဖြစ်တဲ့ ယတြာဆိုတာ အလိမ်အညာ သက်သက်ဘဲ၊ လုံးဝအားကိုးလို့မရဘူး ဆိုတဲ့ အယူအဆကို တော့ ဒီအယူအဆဟာ မှန်သင့်သလောက် မှန်ပေမယ့် အပြည့်အ၀ မမှန်ကန်ပါဘူးလို့ ငြင်းချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်  တစ်ချိန်က ဒီအယူအဆ ကို လက်ခံခဲ့ဘူးပါတယ်

ဗေဒင်လောကမှာလည်း ယတြာပညာနဲ့ အသက်မွေးသူ (80)% ဟာ လူလိမ်ချည်းသာ ဖြစ်နေလို့ ကျွန်တော်ဟာ ယတြာကို အတော် ဆန့်ကျင်ခဲ့ဘူးပါတယ်။ ဗေဒင်လောကကို အိုးမဲသုတ်နေကြသူတွေဟာ ယတြာလုပ်တဲ့လူတွေက အများစုပါဗေဒင်ပညာ နာမည်ပျက်ရတာဟာလည်း ဒီယတြာဆိုတဲ့ ကိစ္စကြောင့်ပါဘဲ။ တစ်ချို့ဆိုရင် ဗေဒင်ပညာကို နကန်းတစ်လုံးမှ နားမလည်ဘဲ ယတြာနဲ့ လုပ်စားနေကြတာကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရပါတယ်။ ဒါပေမယ့် လူမိုက်များတဲ့ လောကကြီးမှာ သူတို့ကို အားပေးနေတဲ့ လူမိုက်တွေက အမြဲရှိနေတော့ သူတို့ဟာ သက်ဆိုးရှည်နေကြပြီး ဗေဒင်လောက ကို နာမည်ပျက်အောင် လုပ်မြဲလုပ်နေကြလျှက်ပါ။

ဒီလို ယတြာပညာအပေါ်မှာ အမြဲ မကောင်းမြင်ခဲ့တဲ့ ကျွန်တော်ဟာ 2003 ခုနှစ် အကြီးအကျယ် ကျန်းမာရေး ချို့ယွင်းခဲ့မှု ကြောင့် အတွေးအခေါ် နဲနဲ ပြောင်းလဲသွားပါတယ်။ 2003 ခုနှစ်မှာ ကျွန်တော် တိုက်ဖွိုက်(အူရောင်ငန်းဖျား) ဖြစ်ပါတယ်။ တိုက်ဖွိုက်ဟာ အသိစောရင် သိပ်အန္တရာယ်ကြီးတဲ့ရောဂါ မဟုတ်ပေမယ့် ကျွန်တော့်ကို ဆေးကုတဲ့ ဆရာဝန်ဟာ ငှက်ဖျား လို့ မှားယွင်းပြီး ကုသနေတာနဲ့ အချိန်အလွန်နောက်ကျသွားပါတယ်။ တိုက်ဖွိုက်လို့ သိလိုက်တဲ့ အချိန်မှာ အသက် အန္တရာယ် အလွန်ကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဆေးစစ်ချက်တွေအရ အူလမ်းကြောင်းတစ်လျှောက်မှာ (Peptic Ulcer) လို့ခေါ်တဲ့ အနာခွက်တွေ “ပွ” နေပါပြီ။ အူကလည်း အလွန် ပါးနေပါပြီ။ အချိန်မရွေး အူပေါက်ထွက်ပြီး အသက်ဆုံးရှုံး နိုင်တဲ့အခြေအနေကို ရောက်နေပါတယ်။

ကိုယ့်ဟာကိုယ် တတ်ထားတဲ့ ဗေဒင်ပညာနဲ့ တွက်ကြည့်တော့လည်း “လဂ်သုဉ်း၊ စန်းသုဉ်း” ဖြစ်နေပါပြီ။ ဘယ်နည်းနဲ့ တွက်တွက် အားလုံးက “သေကိန်း” ကိုဘဲ ညွှန်ပြနေပါပြီ။ ဒါကြောင့် ဇနီးသည်ဖြစ်သူကို သားသမီး(၄)ယောက်နဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ်မှာကြားပြီး သေခြင်းကို လက်ခံဖို့အဆင်သင့် ဖြစ်နေပါပြီ။

အဲဒီအချိန်မှာ မိတ်ဆွေ ယတြာပညာရှင်တစ်ယောက်က သတင်းကြားလို့ လိုက်လာပြီး ယတြာ အတင်းလုပ်ပေးပါတယ်။ ကျွန်တော်က တောင်းဆိုလို့မဟုတ်ပါ။ သူဟာ ကျွန်တော့်ကို အလွန်ခင်မင်သူဖြစ်ပြီး မည်သူ့ကိုမှ အိမ်လိုက်လုပ်မပေးပါ။ ကျွန်တော်ကတော့ ယုံကြည်မှု သိပ်ရှိလှတယ်မဟုတ်ဘဲ သူစိတ်ချမ်းသာအောင် လက်ခံပေးလိုက်ပါတယ်။ ယတြာလုပ်ပြီး နောက်နေ့ကနေ စ,ပြီး ကျွန်တော် နလံထလာပါတော့တယ်။ တစ်ကယ် မယုံနိုင်အောင်ပါဘဲ။ ဆရာဝန်တွေလည်း အံ့သြနေပါ တယ်။ အူအနာတွေ အလျှင် အမြန်ပျောက်သွားပြီး အချိန်တိုအတွင်းမှာ ကျွန်တော်ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး တကယ် အစွမ်းထက်တဲ့ ယတြာတွေ ရှိပါလားဆိုတာ ကျွန်တော် နဲနဲ လက်ခံချင်စိတ် ဖြစ်လာပါတယ်။ နောက်ပိုင်း ဆွေမျိုး မိတ်သင်္ဂဟများထဲမှ ပြဿနာတွေ ပေါ်လာတိုင်း သူ့ဆီကိုသာ ကျွန်တော်ပို့ပေးပါတော့တယ်။ ကျန်းမာ ရေး၊ စီးပွားရေးတွေ ပျက်သုန်းပြီး လုံးဝ မျှော်လင့်ချက် မရှိတော့တဲ့ သူတွေဟာ မယုံနိုင်စရာ ပြန်လည် ကောင်းမွန်လာကြတာကို မကြာခဏ တွေ့ရလေလေ ဒီ ယတြာပညာအပေါ် ယုံကြည်မှု ရှိလာလေ ဖြစ်လာပါတယ်။

ဒါကြောင့် ကျွန်တော့်ဝါသနာအတိုင်း ဒီပညာရပ်အပေါ်မှာ နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာပါတော့တယ်။ ဒီလို နှိုက်နှိုက် ချွတ်ချွတ် စူးစမ်းလေ့လာလိုက်ပြန်တော့ နည်းနည်း စိတ်ပျက်သွားရ ပြန်ပါတယ်။  အချိန်ယူ လေ့လာစူးစမ်းမှုတွေကြောင့် အဖြေမှန်က ပေါ်ထွက်လာပါတော့တယ်။ အဲဒီ အဖြေမှန်က “ယတြာပညာက ဒီလောက်ကြီး စွမ်းတာမဟုတ်ဘဲ လူက စွမ်းနေတာ” ဖြစ်နေပါတော့တယ်။ ဖြစ်ပုံကတော့ ဒီလိုခင်ဗျ။

ဒီယတြာပညာကို “ထို ဆရာ” (နာမည်ထုတ်မပြောရန်တောင်းပန်ထားလို့) တစ်ယောက်သာ တတ်မြောက်တာမဟုတ်ဘဲ၊ သူလို ဆရာတူ တပည့်တွေ အများကြီးရှိတာကို တွေ့ရပါတယ်။ သူတို့လည်း ဒီပညာနဲ့ အသက်မွေးနေကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ ဆရာလောက်တော့ မစွမ်းကြတာကို တွေ့ရပါတယ်။ သူတစ်ယောက်သာ “ထူးထူးခြားခြား အစွမ်းထက်ပြီး အောင်မြင်နေတာ” ကို တွေ့လိုက်ရပါတော့တယ်

ဒီတော့မှာ ကျွန်တော့်ရဲ့ယုံကြည်မှုတစ်ခု ဖြစ်တဲ့ ပါရမီဆိုတာကို ပိုပြီး သဘောပေါက် လာပါတော့တယ်။ လူတစ်ဦး နဲ့ တစ်ဦး “ပါရမီ” ခြင်း မတူကြပါဘူး။ “ပါရမီ” ဆိုတာ အတိတ်ကာလက ဖြည့်ဆည်းခဲ့တဲ့ ကောင်းမှုကုသိုလ် (တနည်းအားဖြင့် အနစ်နာခံခဲ့မှု) များကို ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာဝင်များလည်း သိရှိကြပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဆရာသခင် “ဗုဒ္ဓ” ဟာ “လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း” ပါရမီ ဖြည့်ခဲ့တဲ့ မဟာလူသားတစ်ဦး ဖြစ်ပါတယ်။ သူမဖြည့်ဘူးတဲ့ဒါန၊ သီလ၊ ဘာဝနာ မရှိပါဘူး။ ဖြစ်ရာဘ၀မှာ ကိုယ်ရဲ့အမျိုးကို စောင့်ရှောက့်ခဲ့သူပါ ။ ကိုယ့်အမျိုးကို အသက်ပေး ကာကွယ်ခဲ့သူပါ။ ကိုယ်ကျိုးကို စွန့်ခဲ့သူပါ။ ဒါကြောင့် နောက်ဆုံး လောက(၃)ပါးမှာ အတုမရှိတဲ့ “ဗုဒ္ဓ” ဘ၀ကို ရခဲ့တာပါ။

စာဖတ်သူတွေလည်း သတိထားမိကြပါလိမ့်မယ်။ လောကမှာ လူခြင်းတူ၊ ပညာခြင်းတူ၊ အသက်မွေးဝမ်းကျောင်းခြင်း တူညီ လျှက်နဲ့ သူများထက် ပိုပြီးထူးချွန်နေသူတွေ ရှိပါတယ်ဆရာဝန်ခြင်း တူပါရက်နဲ့ ပိုပြီး “ဆေးလိုက်” တာမျိုး၊ ကျောင်းဆရာ ခြင်း တူပါရက်နဲ့ ပိုပြီး အသင်အပြကောင်းတာမျိုး၊ စာရေးဆရာခြင်း တူပါလျှက်နဲ့ အလွန်ဖတ်လို့ ကောင်းတဲ့ စာတွေကို ရေးနိုင်တဲ့သူမျိုး၊  ဗေဒင်ဆရာခြင်း တူပါရက်နဲ့ ပိုပြီးမှန်တဲ့သူမျိုး၊ သရုပ်ဆောင်ခြင်းတူပါရက် နဲ့ ပိုပြီးအောင်မြင်ကျော်ကြား သူမျိုးတွေ အများကြီးရှိပါတယ်။ ဒါဟာ ပါရမီခြင်း မတူတာကို ပြနေတာပါ

လောက လူသားတွေ ဟာ တစ်ဦးနဲ့တစ်ဦး ဇွဲ၊ လုံ့လ၊ ၀ီရိယခြင်း ယှဉ်လို့ရပါတယ်။ ဒါပေမယ့် ကံခြင်း ယှဉ်လို့ မရပါဘူး။ “ကံ” ဆိုတာ “ပါရမီ” ကို ပြောတာပါဘဲ ။ ကံခြင်း ယှဉ်မရဘူးဆိုတဲ့ စကားကို အသက်ငယ်စဉ်မှာတော့ လက်ခံဖို့ ခက်ခဲ ပေမယ့် အသက်ကြီးလာလေလေ ဒီစကားကို ပိုလက်ခံလာလေလေ ဖြစ်ပါလိမ့်မယ်။ အသက်ငယ်စဉ်မှာတော့ ငယ်ဂုဏ် ဆိုတဲ့ မာန်မာန ကလည်းရှိ၊ ဘ၀မှာလည်း အချိန်တွေက အများကြီး ကျန်နေသေးတော့ “ကံ” တို့၊ “ပါရမီ” တို့ဆိုတာကို သိပ် လက်မခံချင်ကြပါဘူး။ ဒါဟာ သဘာဝကျပါတယ်။ အပြစ် မတင်လိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်က ဒီလိုဘဲ ဖြစ်ခဲ့ဘူးတယ်လေ။

လူခြင်း အတူတူ – သူမှ ဖြစ်ရင် ကိုယ်လည်း ဘာလို့ဘာလို့မဖြစ်ရမှာလဲ” ဆိုတဲ့ မာန်မာနမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု အသက် (၅၀)နားကို ချည်းကပ်လာချိန်မှာတော့  “ကံခြင်း၊ ပါရမီခြင်း ယှဉ်လို့ မရဘူး” ဆိုတာကို အကြွင်းမဲ့လက်ခံ လာပါတော့တယ်။ လောကကြီးထဲမှာ ကိုယ့်ထက် ညံ့တဲ့လူတွေရှိသလို၊ ကိုယ်ဘယ်လိုမှ ယှဉ်မရနိုင်အောင် တော်တဲ့၊ တတ်တဲ့၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိတာကို အကြွင်းမဲ့ လက်ခံလာပါတော့တယ်။

(အခု စာဖတ်နေကြတဲ့ စာဖတ်သူများထဲမှာ ကျွန်တော် အခုတင်ပြတဲ့“ကံခြင်း၊ ပါရမီခြင်း ယှဉ်လို့ မရဘူး” ဆိုတာကို လက်မခံသူတွေအများကြီး ရှိနေပါလိမ့်မယ်။ ဒါကို လက်ခံပါလို့ အတင်းအကြပ်  မတိုက်တွန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မှတ်ဉာဏ်တစ်နေရာမှာတော့ ဒီစကားလေးကို သိမ်းဆည်း ပေးထားပါ။ နောင် ကိုယ်တိုင် အသက် (၅၀) , (၆၀) အရွယ် လောက်ရောက်လာရင် ကိုယ့်ဘ၀ကို ဒီစကားလေး နဲ့ ပြန်ချိန်ထိုးကြည့်ပါ။ အဲဒီအခါကျရင် ကိုယ်တွေ့မို့ သိလာရပါလိမ့်မယ်)

.

ဒါနဲ့ ဒီလို အစွမ်းထက်တဲ့ ယတြာတွေလည်း ရှိပါလား ဆိုပြီး ယတြာကို ယုံကြည်စ ပြုနေတဲ့ ကျွန်တော်ဟာ “ယတြာထက် လူက ပိုစွမ်းတဲ့အဖြစ်မှန်ကို” သိလာတော့ ယတြာအပေါ် ယုံကြည်ချင်တဲ့ စိတ်ကလေးလည်း ပြန်ပျောက်သွားပြန်ပါတယ်။ ဆရာဖြစ်သူက အစွမ်းထက်တာမှန်ပေမယ့် သူ့ကိုချည်း အမြဲအားကိုးနေလို့လည်း ရတာမျိုး မဟုတ်ဘူးလေ။ သူလည်း သင်္ခါရတရား၊။ ကိုယ်လည်း သင်္ခါရတရား။

ဒီလို ဆရာကောင်းနဲ့တွေ့တယ်ဆိုတာလည်း “အကြောင်းတိုက်ဆိုင်မှ” မဟုတ်လား။  ဒီလို “ပါရမီ” ရှိတဲ့သူကို တွေ့ရတယ် ဆိုတာလည်း ရှေးဘ၀က “ပဌာန်းဆက်” တွေ ရှိကြလို့ မဟုတ်ပါလား။ ဒီလို အညံ့တွေကနေ လွတ်မြောက်အောင် လုပ်ပေးတဲ့ ဆရာနဲ့ သူ့ရဲ့ ပရိသတ်တွေကြားမှာ ရှေးရှေး ဘ၀ပေါင်းများစွာက ကိုယ်မမြင်နိုင်တဲ့ အကြောင်းတရားတွေ မြောက်များစွာ ရှိခဲ့လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်

ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ဘူးပါတယ်။ ယခုဘ၀မှာ သူ့ရဲ့ တရားဓမ္မနဲ့ ကျွတ်တမ်းဝင်ကြတဲ့ ဝေနေယျတွေဟာ “လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း” ပါရမီဖြည့်ခဲ့စဥသူ(ဗုဒ္ဓ) ဆေးဆရာကြီး ဖြစ်ခဲ့တဲ့ ဘ၀တွေ , ဘ၀တွေမှာ သူ ကုခဲ့တဲ့ လူနာတွေဘဲ ဖြစ်တယ် တဲ့။ “ပဌာန်းဆက်” ဆိုတာ ဒါပါဘဲ။ ဗုဒ္ဓ ဘုရားလောင်းဘ၀တွေတုန်းက “သူ”  ကုသခဲ့လို့ “ခန္ဓာကိုယ် အနာရောဂါ” တွေက လွတ်မြောက်ခဲ့သူတွေဟာ ယခု “ဗုဒ္ဓ” ဘုရားရှင်ဖြစ်လာတော့ “ကိလေသာအနာရောဂါ” တွေကနေ လွတ်မြောက်သူတွေ ဖြစ်လာပြန်ပါတယ်။

ကျွန်တော့ကို အသက်ဘေးက လွတ်မြောက်အောင် ယတြာပြုပေးခဲ့တဲ့ “ဆရာ” ဖြစ်သူနဲ့ “ကျွန်တော်” တို့ရဲ့အကြားမှာ  ရှေးရှေးဘ၀ပေါင်းများစွာက ပဌာန်းဆက်တွေ ရှိခဲ့လို့သာဖြစ်ပါတယ်။ ကျွန်တော့်လိုဘဲ သူနဲ့ ပဌာန်းဆက် ရှိသူတွေသာ သူနဲ့ တွေ့ကြမှာဖြစ်ပြီး သူနဲ့ ပဌာန်းဆက် မရှိသူတွေကတော့ တွေဖို့မလွယ်သလို တွေ့ပြန်လည်း ယုံကြည်ဖို့ ခဲယဉ်းလှ ပါတယ်။

ဒီတော့ ကျွန်တော် စဉ်းစားတယ် ဒီလို လူပုဂ္ဂိုလ်ရဲ့ ပါရမီအင်အားကြောင့်မဟုတ်ဘဲ ဘယ်သူလုပ်လုပ် အစွမ်းထက်မယ့် ယတြာမျိုးကော မရှိနိုင်ဘူးလား? ပေါ့။ . . လိုချင်တယ်။ ဒီလို ယတြာမျိုး အရမ်းလိုချင်တယ်။ ကိုယ့်အတွက်သာ မဟုတ်ဘဲ ကိုယ့်ကို ယုံကြည်နေကြသူတွေ၊ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြသူတွေ၊ အလွန်ကြီးမားတွေ ဒုက္ခ၀ဲသြဃထဲမှာ နစ်မြုတ်လု ဆဲဆဲ လူတွေ။ ဒီလိုလူတွေကို ကယ်ဆယ်ချင်တယ်။ ဒီလို လူတွေအတွက် (ပါရမီမပါဘဲ) အသုံးချလို့ ရမယ့် (တကယ်လည်း အစွမ်းထက်တဲ့) ယတြာမျိုးကို ကျွန်တော် လိုချင်စိတ်ပြင်းပြလာတယ်။ လွန်ခဲ့တဲ့(၂)နှစ်လောက်က စ,လို့ပေါ့။

မြန်မာစကားပုံတွေ ရှိတယ်မဟုတ်လား။ “ပျောက်သောသူ၊ ရှာရင်တွေ့” တို့၊ “လိုလျှင် ကြံဆနည်းလမ်းရ” တို့၊  “အနာရှိသိလျှင် ဆေးရှိသည်” တို့ပေါ့။ ကျွန်တော်လည်း ဒီစကားပုံတွေကို အကိုးအကားပြုပြီး လွန်ခဲ့တဲ့ (၂)နှစ်လောက်က စ,ပြီး “လူတိုင်းအတွက်၊ ဘ၀အတွက် အကောင်းဆုံးယတြာ” ကို ရှာပါတော့တယ်။ နောက်ဆုံး စကားပုံတွေ အတိုင်း တွေ့ရ တော့တာပါဘဲ။

သိပ် မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပါတ် (၂)ပါတ်လောက်ကမှပါ။ လောကီ၊ လောကုတ္တရာ စွယ်စုံရတဲ့ ဆရာတော်ကြီး တစ်ပါးရဲ့ စကားတစ်ခွန်းထဲကနေ ဒီယတြာကို ရလိုက်တာပါ။ ဖြစ်ချင်တော့ ဒီယတြာကို ကျွန်တော်ကိုယ်ကိုယ်တိုင် ပြီးခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ကျင့်သုံးနေမိလျှက်သား ဖြစ်နေတော့တာကိုးဗျ။

အဲဒီ ယတြာကို ကိုယ်က ကျင့်သုံးမှန်းမသိ ကျင့်သုံးနေတာမို့ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ကိုယ့်ဘ၀ဟာ အေးချမ်း တည်ငြိမ် တိုးတက်လာရတာကိုး ဆိုတာ  သဘောပေါက်လိုက်ပါတယ်။ နောက်ပြီး ကိုယ်လိုဘဲ အခြားကျင့်သုံးမှန်းမသိ ကျင့်သုံးနေတဲ့ သူတွေရဲ့ ဘ၀တွေကလည်း အင်မတန်အေးချမ်းတည်ငြိမ်ပြီး ဒုက္ခ၊ သုက္ခ နည်းပါးလှတာကို လေ့လာတွေ့မိ လိုက်ပါတယ်။

ဒီယတြာဟာ အဆောင်လက်ဖွဲ့လည်းမဟုတ်ဘူး၊ အင်းအိုင်ယန္တယားလည်း မဟုတ်ဘူး၊ ဂါထာ မန္တန်လည်း မဟုတ်ဘူး၊ သစ်ရွက်သစ်ခက် လည်းမဟုတ်ဘူး။ နောက်ပြီး ဘယ်ဆရာဆီမှလည်း သွားစရာမလိုဘူး။ အချိန်မရွေး ခုလုပ်ချင်ရင်လည်း အခုလုပ်လို့ရတယ်။ ဒီယတြာဟာ ဘယ်သူ့ဆီမှ သွားတောင်းနေစရာမလိုဘဲ ကိုယ့်ဆီမှာဘဲ ရှိနေတယ်။ သုံးရမယ့် နည်းလမ်းကို သိဖို့ဘဲလိုပါတယ်။

အံ့သြစရာဘဲနော်။ ဒီလောက် အစွမ်းထက်တဲ့ ယတြာ ကိုယ့်ဆီမှာ ရှိနေပါရက်နဲ့ မသိကြရတဲ့အဖြစ်။ “ထမင်းအိုးမွှေတဲ့ ယောက်မကို ခါးမှာထိုးပြီး လိုက်ရှာနေကြရတဲ့အဖြစ်”။ ဉာဏ်ပညာ ထက်မြက်ပြီး အကင်းပါးတဲ့ သူဆိုရင်တော့ ကျွန်တော် ပြောတဲ့ ယတြာကို ရိပ်စားမိလောက်ပါပြီ။ တစ်ချို့ကျပြန်တော့လည်း “ဗြောင်ဖွင့်ပြတာတောင်မှ မဟုတ်ပါဘူး” ဆိုပြီး ငြင်းမယ့် လူတွေလည်း ရှိလိမ့်မယ်။ ဒါကတော့ သူတို့ထိုက်နဲ့ သူတို့ကံပေါ့။

တစ်ချို့ကျတော့ လက်တော့ လက်ခံလိမ့်မယ်။ ဒါပေမယ့် “လုပ်ဖို့သိပ်ခက်တယ်” လို့ ညည်းလိမ့်မယ်။ မခက်ပါဘူး။ လုံးဝ မခက်ပါဘူး။ အလေ့အကျင့်သာ လုပ်သွားပါ ။ ရက်သတ္တပါတ် အနည်းငယ်အတွင်း ကိုယ် အားစိုက်စရာ မလိုတော့ဘဲ သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ ဒီလို သူ့ဟာသူလုပ်သွားပြီ ဆိုတော့လည်း ကိုယ့်ဘ၀ဟာ မယုံကြည်နိုင်လောက်အောင် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်

ဘယ်လို ယတြာမျိုးပါလိမ့်။ စိတ်ဝင်စားသူများ နောက်ထပ် ဆောင်းပါး အပိုင်း(၂)ကို လာမယ့် ရက်များမှာ ဆက်ဖတ်ပါ။ ပဟေဠိလုပ်ပြီး မရိုးမရွ ဖြစ်အောင် လုပ်တာမဟုတ်ဘူးနော် ဆောင်းပါးက သိပ်ရှည်နေပြီ။ နောက်ထပ် ရေးရမယ့် စာတွေက ဒီဆောင်းပါးလောက်ဘဲ ရှည်ဦးမှာမို့ ခေတ္တ နားကြဦးစို့။ ကျွန်တော်လည်း စာထိုင်ရေးနေရတာ အလွန်ပင်ပန်းနေပြီမို့ ကိုယ်ခြင်းစာပြီး ခွင့်လွှတ်ကြပါနော်။ အပိုင်း(၂)ကို အမြန် တင်ပေးပါ့မယ်။

.

ဖတ်ရှုသူအားလုံး ကံကောင်းသော ဘ၀တစ်ခုကို မကြာမှီ ပိုင်ဆိုင်နိုင်ကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

ဝင်ရောက်ဖတ်ရှုသူပေါင်း=520

  • Share/Bookmark

20 comments

Tweeter button Facebook button Technorati button Reddit button Myspace button Linkedin button Webonews button Delicious button Digg button Flickr button Stumbleupon button Newsvine button Youtube button